ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုက်ပွဲ ဖြစ်ရာ ချင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေ
အစိုးရ တပ်မတော်နဲ့ ရက္ခိုင် တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်၀ ဒေသမှာ စစ်ဘေးသင့်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ အဲဒီ ဒေသကို ရောက်ခဲ့တဲ့ ချင်းလူငယ်တွေက ပြောပါတယ်။
တိုက်ပွဲ ဖြစ်နေတဲ့ ပလက်၀ ဒေသက ရွာတော်တော် များများမှာ စစ်ပွဲကြောင့် စာသင်ကျောင်းတွေ မဖွင့်နိုင်ဘဲ ရှိခဲ့ပါတယ်။
နှစ်ဖက် စစ်မက်ဖြစ်တဲ့ နေရာမှာ လမ်းပြအဖြစ် ဒေသခံ နှစ်ယောက် အတင်း ခေါ်သွားခံရပြီး လမ်းမှာ ဆုံးပါးသွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒေသခံတွေဟာ တောင်ယာ မလုပ်စားနိုင်ဘဲ နေရပ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ချင်းလူငယ်တွေက ဆိုပါတယ်။
တိုက်ပွဲ ဖြစ်တဲ့ နေရာမှာ ရွာသားတွေကို ကူလီ ထမ်းခိုင်းတာ အဓမ္မ စေခိုင်းတာတွေ ရှိခဲ့ပြီး AA ၀င်တဲ့ ချင်းရွာမှာ ရွာလူကြီးကို ခေါ်သွားကာ ရိုက်နှက် နှိပ်စက် ခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။
သူတို့အနေနဲ့ ဒီမြင်တွေ့ သိရှိခဲ့ရသမျှကို အိုင်အန် ဂျီအို ၊ အန်ဂျီအိုနဲ့ အစိုးရ အဖွဲ့တွေကို တင်ပြကာ ဒေသခံတွေကို အကူညီ ပေးဖို့ ပန်ကြားသွားမယ်လို့ သူက ဆိုပါတယ်။