ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်သမိုင်းပြတိုက်မှာ OKURA HOTEL ဆောက်မယ်
ရွှေတိဂုံ ဘုရားလမ်းနဲ့ ဦးဝိစာရလမ်းဒေါင့်မှာရှိတဲ့ စစ်သမိုင်းပြတိုက်နေရာမှာ အဆင့်မြင်ဟိုတယ်နဲ့ ရုံးခန်း တွေပါတဲ့ အဆောက်အဦးတစ်ခုကို ဂျပန်နဲ့ မြန်မာ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး အကောင်အထည်ဖော် တော့မှာဖြစ်ပါတယ်။
ဂျပန်အခြေစိုက် Fujita ကုမ္ပဏီ Japan Overseas Infranstructure Corportaion ( JOIN ) နဲ့ မြန်မာ ဖက်ကတော့ ဧရာဟင်္သာ ကုမ္ပဏီအုပ်စုအောက်က Yangon Technical and Trading ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ရှိပြီး အခန်းပေါင်း၄၀၀ နီးပါးပါတဲ့ ဟိုတယ်နဲ့ ရုံးခန်းတွေ တည်ဆောက်မှာဖြစ်တယ်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တချိန်က ရန်ကုန်မှာ နီကိုးဟိုတယ်နဲ့ မီကာဆာ ဟိုတယ်တွေ ဖွင့်လှစ်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီ က ဂျပန် လုပ်ငန်းရှင် အဖြစ် ပါဝင် လုပ်ကိုင်မှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တာ နည်းနေတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ သန်း၃၀ဝ ကျော် ရင်းနှီးမြှုပ်နှံမယ် ဆိုတာဟာ နည်းတဲ့ ပမာဏ မဟုတ်ဘူးလို့ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ် စီးပွါးကူးသန်းဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်တဲ့ ဒေါက်တာသန်းမြင့် က ပြောပါတယ်။
ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်အကုန်မှာအပြီးတည်ဆောက်ဖို့ စီစဉ်ထားပြီး ဒီအဆောက်အဦး ပြီးသွားတဲ့အခါ OKURA အမည်နဲ့ ဟိုတယ်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီစီမံကိန်းဟာဆိုရင် NLD အစိုးရလက်ထက်မှာ အသစ်ပြဌါန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နဲ့ ပထမဆုံး ခွင့်ပြုတဲ့လုပ်ငန်းဖြစ်တယ်လို့ JOIN ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်သမိုင်းပြတိုက်နေရာဟာ စုစုပေါင်း ၉ ဧကနီးပါးကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်က ပုဂ္ဂလိကကိုငှါးရမ်းဖို တင်ဒါခေါ်တဲ့အခါ Yangon Techinical and Trading ကုမ္ပဏီက တင်ဒါ
အောင်ခဲ့တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က စလို့ ဂျပန်လုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ အများစုကတော့ သီလဝါ အထူးစီးပွါးရေးဇုံနဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာသာ ရင်းနှီးမြှုပ်ခဲ့ကြတာ ဖြစ်ပါတယ်။