နာဂဒေသမှာ ရာသီတုပ်ကွေးကြောင့် ကလေးငယ် ၃ ဦး သေဆုံး

တမိသားစုလုံးဖျားနာနေတဲ့ နေအိမ်

ဓာတ်ပုံ ရင်းမြစ်, Sing Maung Yawngva

ဓာတ်ပုံ ပုံစာ, တမိသားစုလုံးဖျားနာနေတဲ့ နေအိမ်
ရေးသားခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးနယ်အတွင်းက ဒုံဟီးမြို့နဲ့ ကျေးရွာ ၄ ခုမှာ လူအစုလိုက် တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ နန်းယွန်းမြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်ကပြောပါတယ်။

နန်းယွန်းမြို့နယ်အတွင်းက ဝန်ရုတ်၊ ဟဟောင်၊ ရှိတ်ညို၊ ၊လန်းပန်း စတဲ့ ကျေးရွာ ၄ ခုမှာ သြဂုတ်လ ၁၈ ရက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုံဟီးမြို့နဲ့ ဝန်ရုတ်၊ ဟဟောင်၊ ရှိတ်ညိုကျေးရွာတွေမှာတော့ ရောဂါ ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် လန်းပန်းကျေးရွာမှာတော့ တရွာလုံးနီးပါး ဖျားနာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရောဂါဖြစ်ပွားတာကို အစောဆုံးသိရှိခဲ့တဲ့ ဒုံဟီးမြို့နဲ့ ဝန်ရုတ်ကျေးရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဟာ ကြက်ညှာ ချောင်းဆိုးရောဂါနဲ့ ရာသီတုပ်ကွေးတို့သာ ဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့လည်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က သြဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

' ' အခုလက်ရှိကတော့ ရွာအတော်များများမှာ ဖျားနာတာတွေ သက်သာလာပြီလို့ ပြောလို့ရတယ်။ လန်းပန်း ရွာမှာတော့ ဖျားနာတာတွေ ရှိနေဆဲပဲ။ အဲဒီရွာက ဝေးလည်းဝေးတော့ သတင်းရတာ နောက်ကျလို့ ဆေးကုသရေး အဖွဲ့တွေက သြဂုတ် ၂၉ ရက်နေ့မှရောက်တယ်။ သွားရလာရတာလည်း တော်တော်လေး ခက်တယ်။ ကျွန်တော်တို့ဆိုလည်း ဖြစ်နေတဲ့ရွာတွေဆီကို ရောက်ဖို့ကို ဆိုင်ကယ်ကို တွန်းတဲ့နေရာတွန်း မ တဲ့နေရာ မ နဲ့ သုံးလေးရက် အချိန်ယူပြီး သွားရတယ်။ ကျန်းမာရေးဌာနခွဲတွေကလည်း ရွာတွေမှာ ခပ်စိပ်စိပ် မချပေးနိုင်ဘူး ။ ရှိတဲ့နေရာကျတော့ ကျန်းမာရေးဝန်ထမ်းက အရေအတွက်နဲတော့ တယောက်လောက်ပဲ ချပေးနိုင်တာများတယ်။'' လို့ လွှတ်တော်ကိုယ်စားလှယ်ဦးစိမ်းမောင်က ကျေးရွာတွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။

အချို့နေရာတွေမှာ ဆိုင်ကယ်ကို တွန်းပြီးသွားရ

ဓာတ်ပုံ ရင်းမြစ်, Sing Maung Yawngva

ဓာတ်ပုံ ပုံစာ, အချို့နေရာတွေမှာ ဆိုင်ကယ်ကို တွန်းပြီးသွားရ

လူဦးရေ ၄၀၀ကျော်သာရှိတဲ့ လန်းပန်းကျေးရွာမှာ စက်တင်ဘာ ၁ရက်နေ့ထိ ဖျားနာသူဦးရေ ၃၅၇ ဦး ရှိနေပြီး သေဆုံးခဲ့တဲ့ ကလေးငယ် ၃ ဦး မှာလည်း လန်းပန်းကျေးရွာကပဲ ဖြစ်တယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။

ကလေးငယ်တွေ သေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့အပေါ်

' ' အခု ရွာအတော်များများမှာ ဖြစ်သွားတဲ့ရောဂါကို ဆရာဝန်တွေပြောတာကတော့ ရာသီတုပ်ကွေးလို့ ပြောပါတယ်။ ရာသီတုပ်ကွေးက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်တာဆိုပေမယ့် နာဂမှာဖြစ်ပြီဆိုရင် အသေအပျောက်များတဲ့ထိ တော်တော်လေးဆိုးတယ် ခံရတယ်။ အဓိကက ဒီက ကလေးတွေက နဂိုထဲက အာဟာရချို့တဲ့တယ်။ သူတို့စားသောက်တဲ့ အစားအစာတွေမှာ အာဟာရ မရှိတာများတယ်။ သာမန်ရောဂါလေးဖြစ်ရင်တောင် ကလေးတွေက မခံနိုင်ကြဘူး။ ကာကွယ်ဆေးဆိုတာကလည်း တချို့ရွာတွေဆို အနီးဆုံးမြို့နဲ့တောင် သုံးလေးရက် သွားရတာ ရှိတယ်။ ကာကွယ်ဆေးဆိုတာကလည်း ရေခဲဘူးနဲ့ သယ်မှဆိုတော့ ၂ ရက်လောက် သွားရမယ့်ရွာဆိုရင်ကို ရေခဲက အဆင်မပြေတော့ဘူး။ ဒီတော့ ကာကွယ်ဆေးကလည်း ပုံမှန်လောက်တောင် မထိုးပေးနိုင်တဲ့ ရွာတွေရှိတယ်။'' လို့ ဦးစိမ်းမောင်ကပြောပြပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ပေါ်ကျေးရွာအများစုမှာ ရွှေ့ပြောင်းတောင်ယာအလုပ်ကိုသာ လုပ်ကိုင်ကြပြီး စိုက်ပျိုးထွက်ရှိတဲ့ အသီးအနှံတွေကိုသာ အဓိကစားသောက်ကြတာ ဖြစ်တယ်လို့ သိရပါ တယ်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းကလည်း နာဂဒေသနန်းယွန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဝက်သက်အပါအဝင် ကူးစက်ရောဂါ ကပ်အသွင် ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

' ' လမ်းပန်းဆက်သွယ်ရေးကခက်ခဲသလို ကျန်းမာရေး ဝန်ထမ်းအင်အားမလုံလောက်ဘူး။ ဒါကြောင့်ရောဂါ တခုဖြစ်ပွားတိုင်း အချိန်မီ မကုသနိုင်တာကြောင့် အသေအပျောက်ကများတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့အမြင်ကတော့ နှစ်စဉ် ရောဂါဖြစ်ပွားမှုများတဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၊ စက်တင်ဘာ ဒီလေးလကိုတော့ နယ်လှည့်ဆေးကုသရေးအဖွဲ့ကနေ ရွာတွေကိုပတ်ပြီး ဆေးကုသပေးတဲ့ အစီအစဉ်ကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ လူအသေအပျောက် ရှိတာကို ထိန်းချုပ်နိုင်မယ်လို့ ထင်ပါတယ်။'' လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က အကြံပြုပြောဆိုပါတယ်။