မနက်ခင်း ဖတ်သင့်သည့် သတင်းများ

ဓာတ်ပုံ ရင်းမြစ်, AFP
(၁) ဆူနာမီဒဏ်ခံစားခဲ့ရတဲ့ ပါလူမြို့ရဲ့ နောက်ဆက်တွဲသတင်း
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၄၀၈ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀၀ လောက်ရှိသွားပါပြီ။
စက်တင်ဘာ ၂၈ ရက်နေ့ သောကြာနေ့ ညပိုင်းက လှုပ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၅ ပြင်းအားရှိတဲ့ ဒီငလျင်ကြီးကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။
လူ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သလို ပါလူမြို့ရဲ့ အဆောက်အအုံ အပျက်စီးတွေကြားထဲမှာ ရှာဖွေ ကယ်ဆယ်ရေးတွေလည်း လုပ်နေကြပါတယ်။
ဒီအဖြစ်အပျက်ဆိုးကြီး ဖြစ်အပြီးမှာတော့ ပါလူမြို့ လမ်းမပေါ်မှာ လူသေအလောင်းတွေ ရှိနေသလို ဆေးရုံမှာလဲ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည့်နေပါတယ်။
မြို့တော်အတွင်းမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ အတိအကျ မသိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
တာဝန်ရှိသူတွေကတော့ မြို့သူမြို့သားတွေကို နေအိမ်တွေမှာ ပြန်မနေဖို့ အကြံပြုနေကြပါတယ်။ တချို့ အိမ်တွေကတော့ ရေလှိုင်းဒဏ်ကြောင့် ပြားချပ် ပျက်စီးသွားတာတွေ ရှိနေပါတယ်။
အင်ဒိုနီးရှားက မကြာခဏ ငလျင်လှုပ်တတ်ပြီး မီးတောင်ပေါက်ကွဲတတ်တဲ့ အဝန်းအဝိုင်းမှာ တည်ရှိပြီး ငလျင်တွေ မကြာခဏဆိုသလို လှုပ်တဲ့ဒဏ် ခံရတဲ့နိုင်ငံဖြစ်ပါတယ်။
ကမ္ဘာတဝန်းလုံးက ပင်လယ်ရေမျက်နှာပြင် အထက်မှာရှိတဲ့ မီးတောင်ရှင်တွေထဲက တဝက်ကျော်ဟာ အဲဒီအ ဝန်းအဝိုင်းမှာ ရှိနေပါတယ်။
၂၀၁၄ ခုနှစ်မှာ အင်ဒိုနီးရှား ဆူမားတြားကျွန်းမှာဖြစ်ခဲ့တဲ့ ဆူနာမီဒဏ်ကြောင့် လူပေါင်း ၂၂၆၀၀၀ သေဆုံးခဲ့သလို အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ပါတယ်။

(၂) ဖုယွင် အလုပ်သမားသပိတ်ကိစ္စ ဖြေရှင်းပေးဖို့ အလုပ်သမားသမဂ္ဂများတောင်းဆို
ဖုယွင် အထည်ချုပ် အလုပ်သမား သပိတ်အမြန်ဆုံး ဖြေရှင်းပေးရေးနဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးဟောပြောဖို့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အလုပ်သမား သမဂ္ဂများက ဦးဆောင်ပြီး ဒီကနေ့ မနက် ဒဂုံဆိပ်ကမ်း မြို့နယ် မင်းကြီးမဟာ မင်းခေါင် လမ်းပေါ် ဖုယွင် အထည်ချုပ် စက်ရုံဘေးလမ်းမှာ စုဝေးဟောပြောခဲ့ပါတယ်။
ဖုယွင် အလုပ်သမား သပိတ်မှာ ပါဝင်လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို ပြန်လည် ခန့်အပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒီနေ့မနက် ဖုယွင် အလုပ်သမားသပိတ်ကို ဝန်းရံခဲ့တဲ့ အလုပ်သမား သမဂ္ဂ ဆယ်ဖွဲ့ရှိပြီး ဖုယွင် အလုပ်ရှင် အနေနဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တဲ့အပြင် သမဂ္ဂကိုလည်းဖြိုခွဲဖို့ လုပ်ဆောင်ခဲ့တာကြောင့် အခုလို ဝန်းရံရတာဖြစ်တယ်လို့ နီလာစတား အလုပ်သမား သမဂ္ဂ ဥက္ကဌ တဦးဖြစ်တဲ့ ကိုကျော်မျိူးက ဘီဘီစီကို ပြောပါတယ်။
ဖုယွင် စက်ရုံဟာ အထည်ချုပ်စက်ရုံဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းကြီးလမ်းမှာ ရှိပါတယ်။ အကျီ ၊ဘောင်းဘီ၊ ကလေးအကျီ စတဲ့ နိုင်ငံခြား အပ်ထည်တွေကို ချုပ်လုပ်တဲ့ စက်ရုံပါ ။ အလုပ်သမား အရေအတွက်က စုစုပေါင်း ၁၀၀၀၀ နီးပါးရှိပါတယ်။
အလုပ်သမားတွေကို အိုဗာတိုင်ကြေး မပေးပဲ အချိန်ပို မခိုင်းဖို့၊ အလုပ်သမား အလုံအလောက် ခန့်ထားပေးဖို့နဲ့ လုပ်အားကို အတင်းညှစ်ထုတ်ခိုင်းစေတာမျိုး မလုပ်ဖို့ ဆိုတဲ့ အချက်တွေအပါအဝင် ၁၀ ချက်ကို ဖုယွင် အထည်ချုပ် အလုပ်သမား သမဂ္ဂ က သြဂုတ်လ ၁၄ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်ကြောင့် အလုပ်သမား ၃၀ ကျော် အလုပ်ဖြုတ်ခံရပြီး အဖြုတ်ခံရတဲ့ အလုပ်သမားတွေထဲ သမဂ္ဂအမှုဆောင် ၇ ယောက်ပါဝင်ပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့မှာတော့ အလုပ်သမား သပိတ်စတင်ခဲ့ပါတယ်။ ပါဝင်သပိတ်မှောက် အလုပ်သမား အင်အား သုံးရာကျော်ရှိပါတယ်။
(၃) အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့
စက်တင်ဘာ ၃၀ ရက်နေ့ဟာ International Day of Translation နိုင်ငံအသီးသီးမှာ သုံးတဲ့ ဘာသာစကားတွေကို တခြားဘာသာနဲ့ ဖလှယ်ပြန်ဆိုတာကို အသိအမှတ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း "အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ " အထိမ်းအမှတ် အနေနဲ့ မြန်မာဘာသာပြန် စာပေကွန်ရက်နဲ့ Peak Point Academy တို့ ပူးပေါင်းပြီး Yangon Book Palza မှာ ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
သမ္မာကျမ်းစာကို ပြန်ဆိုသူ စိန့်ဂျာရုမ်း ကိုဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံ အသီးသီးမှာ အထိမ်းအမှတ်အခမ်းအနား ကျင်းပတယ်လို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဘာသာပြန်စာပေမှာ ခေတ်အဆက်ဆက် နာမည်ကြီး ဘာသာပြန်စာရေးဆရာကြီး တွေကြောင့် လူငယ်တွေဟာ ကမ္ဘာ့စာပေကို ထိတွေ့ခွင့်ရရှိခဲ့ကြပါတယ်။












