ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းမှာ Food Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ် စတင်ကျင့်သုံး

ထိုင်းမြန်မာနယ်စပ်က မယ်လဦး ဒုက္ခသည်စခန်းမှာFood Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ်ကို စတင်ဖြန့်ဝေ
ဓာတ်ပုံ ပုံစာ, ထိုင်းမြန်မာနယ်စပ်က မယ်လဦး ဒုက္ခသည်စခန်းမှာFood Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ်ကို စတင်ဖြန့်ဝေ
ရေးသားခဲ့သည်။

ထိုင်းမြန်မာနယ်စပ်က မယ်လဦး ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီလ အစောပိုင်းက Food Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ်ကို စတင်ဖြန့်ဝေလိုက်ပါတယ်။

အဲဒီကတ်တွေထဲမှာ အိမ်ထောင်စု အလိုက် ရရှိမယ့် ရိက္ခာ ပမာဏ၊ ရိက္ခာအမျိုးအစားကို တွက်ချက်ပြီး အွန်လိုင်းကနေ တဆင့် ပိုက်ဆံထည့်ပေးထားတာကြောင့် ဒုက္ခသည်တွေ အနေနဲ့ လိုအပ်တဲ့ အစားအသောက်တွေကို အချိန်မရွေး ဝယ်ယူနိုင်ပါတယ်။

အခုလို လုပ်ပေးရတာက ဒုက္ခသည် ကူညီနေတဲ့ အဖွဲ့အစည်း၊ အန်ဂျီအိုဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအတွက် ဝန်ထုပ်ဝန်ပိုး လျော့ကျသွားစေတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီရဲ့ အတွင်းရေးမှူး စောဘွဲ့စေးက ဘီဘီစီကို ပြောပါတယ်။

ကိုယ့်ရဲ့တိုက်ရိုက်တာဝန် မဟုတ်တော့ပဲ စီးပွားရေးသမားတွေ ဆိုင်သမားတွေရဲ့ ချမှတ်ထားတဲ့ စံနှုန်းအတိုင်း စခန်းထဲမှာ သူတို့ဘာသာ ရောင်းကြတယ်။ ဝယ်ကြတယ်ပေါ့ ။ အဲလိုလုပ်ချင်းအားဖြင့် ဝန်ထုပ်ဝန်ဖိုးတွေ အများကြီးလျော့ကြသွားတယ်။

အရင်တုန်းကလို သတ်မှတ်ထားတဲ့နေ့ရက်၊ အချိန်၊ နေရာကို သွားပြီး ရိက္ခာထုတ်ဖို့ နေပူထဲ၊ မိုးရွာထဲမှာ စောင့်စရာမလိုပဲ ဈေးဆိုင် ကနေ ကြိုက်တဲ့အချိန် ဝယ်ယူနိုင်တော့ ဒုက္ခသည်တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူးလို့ စောဘွဲ့စေး က ပြောပါတယ်။

အဲဒီအီလက်ထရောနစ်ကတ် အစီအစဉ်ဟာ ထိုင်းမြန်မာ နယ်စပ်က နိုင်ငံတကာ ငွေကြေး အကူအညီတွေ လျော့ကျလာလို့ စခန်းထဲကို ရိက္ခာပို့ဆောင်ရာမှာ သုံးတဲ့ အသုံးစရိတ်၊ အန်ဂျီအိုဝန်ထမ်းတွေကို ပေးတဲ့ လစာတွေ လျှော့ချချင်တဲ့ အပြင် စခန်းထဲက ဒုက္ခသည် တွေကို ပေးတဲ့ ရိက္ခာတွေကိုလည်း ထိန်းချုပ် ချင်တဲ့ သဘောလည်းပါတယ်လို့ ဒုက္ခသည်တွေက သုံးသပ်ပါတယ်။

ဒီကတ်ကို စည်းကမ်းမရှိပဲ အသုံးပြုနေရင်တော့ အခက်အခဲဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စခန်းထဲမှာ ပုံမှန် ရိက္ခာထုတ်ပေး တာတောင် မလောက်ဘူး။ ဒီလိုကတ်နဲ့ဆိုရင်တော့ ထိန်းထိန်သိမ်းသိမ်းမသုံးရင်တော့ အခက်အခဲဖြစ်စေနိုင်တယ်လို့ မယ်လဦးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကိုစိုးအောင် က ပြောပါတယ်။

အီလက်ထရောနစ် Food card စနစ်ကို ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် ၉ သောင်းကျော်ကို ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့ဖြစ်တဲ့ The Border Consortium (TBC) က စီစဉ်ဆောင်ရွက် ပေးတာဖြစ်ပါတယ်။

Food Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ်ကို စတင်ဖြန့်ဝေ
ဓာတ်ပုံ ပုံစာ, Food Card လို့ခေါ်တဲ့ အီလက်ထရောနစ် စမတ်ကတ်ကို စတင်ဖြန့်ဝေ

ဒီကတ်ကို စခန်းတချို့မှာ စမ်းသပ် အသုံးပြုကြရာမှာ အောင်မြင်တယ်ဆိုပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ ကျန်တဲ့ ဒုက္ခသည်စခန်းတွေ မှာ လည်း စတင် အသုံးပြု နိုင်အောင် စီစဉ် ဆောင်ရွက်သွားမယ်လို့ ကရင်ဒုက္ခ သည်များ ကော်မတီရဲ့ အတွင်းရေးမှူး စောဘွဲ့စေး က ပြေပါတယ်။