ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလို့ ကွယ်လွန်သူ နိုင်ကျဉ်းဟောင်း ၅၀၀ ကျော်ထိရှိ

AAPP ရုံးမှ နိုင်ငံရေး အကျဉ်းသားများပုံ

ဓာတ်ပုံ ရင်းမြစ်, AAPP

ဓာတ်ပုံ ပုံစာ, AAPP ရုံးမှ နိုင်ငံရေး အကျဉ်းသားများပုံ
ရေးသားခဲ့သည်။

နိုင်ငံရေးမှုနဲ့ အကျဉ်းချခံခဲ့ရပြီး လွတ်မြောက်လာသူတွေထဲက ၁၉၆၂ ခုနှစ်ကနေ ယနေ့ချိန်ထိ အကျဉ်းထောင်ပြင်ပမှာ သေဆုံးခဲ့သူ နိုင်ငံရေး အကျဉ်းသား ၅၃၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့ (AAPP) က ထုတ်ပြန်ခဲ့ပါတယ်။

အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ သေဆုံးသူတွေကတော့ လက်ရှိ AAPP စာရင်းအရ သုံးရာကျော်ရှိပြီး စာရင်းနဲ့ မက ရှိနိုင်တယ်လို့ AAPP ရန်ကုန်ရုံးက ဦးအောင်မျိုးကျော်က ဘီဘီစီကို ပြောပါတယ်။

ဦးအောင်မျိုးကျော်က " နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တဖြေးဖြေးနဲ့ ကျန်းမာရေးချို့ယွင်းလာပြီ အဓိကအားဖြင့် ဒါတွေက အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက် ခံခဲ့ရတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် မရခဲ့တာတွေ ၊ ရေကောင်းရေသန့် လေကောင်းလေသန့် မရတဲ့ အဖြစ်တွေ ၊ အဟာရပြည့်ဝတဲ့ လုံလောက်တဲ့ အစားသောက်တွေ မသောက်ခဲ့ရတာတွေကြောင့် အခုဆို ထောင်ထဲနှစ်ရှည်နေခဲ့သူတွေရဲ့ ကျန်းမာရေးက ယိုယွင်းလာပြီ " လို့ဆိုပါတယ်။

၂၀၁၈ -၂၀၁၉ မှာတော့ ကွယ်လွန်သူ အများစုဟာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်ကြတာ တွေ့တဲ့အတွက် ဒီစာရင်းကို ထုတ်ပြန်ကာ အစိုးရရဲ့ အကူအညီကို ရယူလိုတာကြောင့် တိုက်တွန်းတာဖြစ်တယ်လို့ ဦးအောင်မျိုးကျော်က ဆိုပါတယ်။

ကွယ်လွန်သူတွေဟာ ကင်ဆာရောဂါနဲ့ အများဆုံး ကွယ်လွန်ကြတာ တွေ့ရပြီး အများစု ခံစားရတာကတော့ အသည်းကင်ဆာ ရောဂါဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီဘက်က အခြေအနေပေါ်မူတည်ပြီး အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ခဲ့ပေမယ့် နိုင်ငံတော် အစိုးရက ပြန်လည်ထူထောင်ရေး ပေါ်လစီ ချမှတ်ပြီး ကူညီထောက်ပံ့စေလိုတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ဦးဝင်းတင် ဖောင်ဒေးရှင်းဆေးခန်း၊ သုခဆေးခန်းစတာတွေက ကုသမှုတွေ ပေးနေပေမယ့် အစိုးရဘက်က အသိအမှတ်ပြုဖို့ နဲ့ ဒီထက်ပိုတဲ့ စနစ်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဦးအောင်မျိုးကျော်က ရှင်းပြပါတယ်။

၁၉၆၂ ခုနှစ်ကနေ စစ်အစိုးရလက်ထက်အထိ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းမှု မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရသလို ကျန်းမာရေး နဲ့ မညီညွတ်တဲ့ နေထိုင်မှုတွေနဲ့ နေခဲ့ရပါတယ်။

၁၉၉၉ နှစ်ကုန် ၂၀၀၀ခုနှစ်အစမှာတော့ အကျဉ်းထောင်တွေထဲ ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့) အကူအညီကို လက်ခံကာ ဝင်ခွင့်ပြုလိုက်ပြီးတဲ့ နောက်မှာတော့ နဂိုမူရင်းထက် ပိုပြီး တိုးတက်မှုတွေရှိလာပါတယ်။

သို့ပေမယ့် အခုချိန်အထိ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရသေးဘူးလို့လည်း အကျဉ်းထောင်က လွတ်မြောက်လာသူတွေက ပြောပါတယ်