ရခိုင်နဲ့ ရှမ်းမြောက် အပါအဝင် တိုင်းရင်းသားနယ်မြေအနှံ့ ရွေးကောက်ပွဲလုပ်ပေးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်နဲ့ ရှမ်းမြောက်အပါအဝင် တိုင်းရင်းသားဒေသ အနှံ့မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့လိုတယ်လို့ တိုင်းရင်းသားပါတီ ၂၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းအဖွဲ့ NBF က နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်တောင်းဆိုပါတယ်။
အဓိကအားဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အဖွဲ့ဝင် ၂၃ပါတီရဲ့ ၃၅ကြိမ်မြောက် အစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန်တောင်းဆိုတာလို့ NBF ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် တနိုင်ငံလုံးမှာ ယေဘူယျအားဖြင့် မဲဆန္ဒနယ် ၃၃၀ အထိ ရှိပါတယ်။ အဲဒီထဲမှာမှ ရှမ်းမြောက်ဒေသက မြို့နယ်တွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေအပါအဝင် တိုင်းရင်း သားဒေသ မှာ မဲဆန္ဒနယ် စုစုပေါင်း ၁၂၃ ခု ရှိပါတယ်။ကျန်တာကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်မရဲ့ မဲဆန္ဒနယ်တွေဖြစ် ပါတယ်။
လက်ရှိတော့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေအများအပြားပေါ်ပေါက် နေသလို၊ ရှမ်းမြောက်မှာလည်း စစ်ပွဲတွေမကြာခဏ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေ ပေါ်လာတာတွေ ရှိတာကြောင့်လည်း ရွေးကောက်ပွဲတွေ မကျင်းပဖြစ်နိုင်မှာကို တိုင်းရင်းသားပါတီတချို့က စိုးရိမ်နေကြ ပါတယ်။
"ရှမ်းမြောက်မှာ ဒီနေ့ကောင်းပေမယ့် နောက်နေ့မှာ တိုက်ပွဲဖြစ်ရင်ထဖြစ်တာ၊ စစ်ပွဲတွေကလည်း ပြည်နယ်တွေမှာပဲဖြစ်နေ တာကြောင့် အဲဒီလိုနေရာတွေမှာ ရွေးကောက်ပွဲမလုပ်ဖြစ်မှာစိုးရိမ်ကြတာ" လို့ စိုင်းအောင်မြင့်ခိုင်က ဘီဘီစီကိုပြော ပါတယ်။
ဒါ့အပြင် ပြည်မတွေ၊ တိုင်းဒေသကြီးတွေမှာရှိနေတဲ့ တိုင်းရင်းသားဦးရေကိုလည်း မြေပြင် အမှန်တကယ်ရှိသူနဲ့ ကိုက်ညီအောင် ပြန်လည်စိစစ်ပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေအရ နိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၉ ခု အထိ ရှိပါတယ်။
တနိုင်ငံလုံး လူဦးရေရဲ့ ဝ.၀၁ရာခိုင်နှုန်း အထက်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်သတ်မှတ်ပြီး ရွေးကောက်တင် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိစာရင်းတွေက ၂၀၁၀ ခုနှစ်ကတည်းက အသုံးပြုထားတဲ့ စာရင်းတွေကိုသာ အခြေခံပြီး အသုံးပြုနေ တာဖြစ်လို့ မြေပြင်ရှိ လူဦးရေ စာရင်းအမှန်ကို ပြန်လည်စိစစ် အတည်ပြုပေးဖို့ တောင်းဆိုတာလို့ NBF က သိရ ပါတယ်။
NBF ဟာ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြတဲ့ အရင် ဒေါက်တာအေးမောင်ရဲ့ ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့လို တိုင်းရင်းသားပါတီတွေနဲ့ ပြည်မက နိုင်ငံရေးပါတီတချို့တို့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ထားတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့တော့ ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေကို ၂၀၁၅ ရွေးကောက်ပွဲ ကို အခြေခံပြီး ဥပဒေအရ လုပ်ဆောင်သွားမယ်လို့ ကော်မရှင် ပြောခွင့်ရသူ ဦးမြင့်နိုင်က ဘီဘီစီကို ပြောထားပါတယ်။
အခုတောင်းဆိုချက်နဲ့ ပက်သတ်ပြီးတော့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် ကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ အခြားအဖွဲ့ဝင် တချို့ကတော့ ပြောဆိုခွင့် မရှိလို့ မဖြေဆိုနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။












