ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်မယ်လို့ကြေညာ

No caption

ဓာတ်ပုံ ရင်းမြစ်, Reuters

ရေးသားခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ စတင်ထူထောင်ခဲ့သူလည်းဖြစ်၊ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ယူခဲ့သူလည်း ဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ ရန်ကုန် အခြေစိုက် 7Day News သတင်းစာမှာ စက်တင်ဘာ ၂၇ ရက် ကကြော်ငြာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နုတ်ထွက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပါတီကို တရားဝင် နုတ်ထွက်စာပေးပို့တာ မရှိကြောင်းနဲ့ သတင်းစာမှာ ကြော်ငြာချက် ဖော်ပြမှသာ သူတို့အနေနဲ့ သိရှိရတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ(၁) စိုင်းညွန့်လွင်က ဘီဘီစီကိုပြောပါတယ်။

ဦးခွန်ထွန်းဦး ပါတီက အနားယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပါတီနဲ့ နှစ်ဖက် ပြောဆိုထားတာရှိပြီး လာမယ့် ရွေးကောက်ပွဲပြီးမှ အနားယူဖို့ ပြောထားတာ ဖြစ်ကြောင်း၊ အခုလို ရုတ်တရက် နုတ်ထွက်တယ်လို့ ကြော်ငြာ ထည့်လိုက်တဲ့အပေါ် သူတို့အနေနဲ့လည်း နားမလည်နိုင်ကြောင်းလည်း စိုင်းညွန့်လွင် ကဘီဘီစီကိုပြောပါတယ်။

ဦးခွန်ထွန်းဦး အခုလို ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်တယ်ဆိုတဲ့ ကိစ္စကလည်း ပါတီဗဟိုကော်မတီ အစည်းအဝေးက အတည်ပြုပြီးမှသာ ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်တာကို အတည်ပြုလို့ရမှာ ဖြစ်ကြောင်းလည်း စိုင်းညွှန့်လွင်က ရှင်းပြပါတယ်။

7Day News သတင်းစာမှာ ထည့်သွင်းခဲ့တဲ့ ကြော်ငြာ
ဓာတ်ပုံ ပုံစာ, 7Day News သတင်းစာမှာ ထည့်သွင်းခဲ့တဲ့ ကြော်ငြာ

SNLD ဥက္ကဋ္ဌအဖြစ်ကနေ စက်တင်ဘာ ၂၇ ရက်မှာ နုတ်ထွက်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကာယကံရှင်ဦးခွန်ထွန်းဦးကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရင်ကလည်း ဦးခွန်ထွန်းဦးဟာ အခုလို ရာထူးကနုတ်ထွက်မယ်ဆိုပြီး ပြောဆိုခဲ့တာတွေ ရှိပါတယ်။

ပါတီဥက္ကဋ္ဌ တာဝန်က အနားယူပြီး မျိုးဆက်သစ်များကို လမ်းဖွင့်ပေးထားရမယ်လို့ ဦးခွန်းထွန်းဦးက ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်း ကလည်း မီဒီယာ တွေကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီနောက် SNLD ပါတီ မြို့နယ်စုံအစည်းအဝေး(၂၀၁၉ ညီလာခံ)ကို ရှမ်းပြည်နယ် လားရှိုးမြို့ မှာ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက် နဲ့ ၇ ရက်မှာ ကျင်းပခဲ့ပြီး ညီလာခံမှာ ဦးခွန်ထွန်းဦးကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

နုတ်ထွက်ကြောင်း ကြော်ငြာထည့်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ နဲ့ ပါတီဗဟိုကော်မတီ အဖွဲ့ဝင်တွေဟာ ဒီလိုနုတ်ထွက်ကြောင်း ကြော်ငြာပါအပြီးမှာ အဆက်အသွယ် မရသလို မတွေ့ရသေးတဲ့အတွက် ဘာကြောင့် အခုလိုနုတ်ထွက်ရတယ်ဆိုတာကို မပြောနိုင်သေးဘူးလို့လည်း စိုင်းညွန့်လွင်ကပြောပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, SNLD

လက်ရှိ ရွေးကောက်ပွဲပြီးမှ ပါတီကနုတ်ထွက်ဖို့ ဆွေးနွေးဖို့ပြောဆိုထားပြီးမှ အခုလို ရုတ်တရက် နုတ်ထွက်ကြောင်း ကြော်ငြာ ထည့်လိုက်တဲ့အတွက် ပါတီနဲ့ ပါတီဥက္ကဋ္ဌကြားမှာ လတ်တလော ပြဿနာ ရှိလားဆိုတာကလည်း မေးစရာဖြစ်လာခဲ့ပါတယ်။

"ဦးခွန်ထွန်းဦးက ပါတီအတွင်း ဝိရောဓိလေးတွေ ရှိတယ်လို့ အဲဒီ့သတင်းစာမှာ ဖြေတာရှိတယ်၊ ကျွန်တော်တို့က အဲဒီကိစ္စကို သေချာမသိဘူး၊ ဘာလဲ၊ဘယ်လို ရှင်းပေးရမလဲ၊ ဘယ်လို ညှိနိုင်းရမလဲ စသဖြင့် သေချာမသိဘူးလို့" စိုင်းညွန့်လွင်က ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ ၂၀၀၅ မှာ ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှု ဆိုတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်နှစ်ရှည် နှစ် ၉၀ ကျော် ချမှတ်ခံရပြီး ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ဇန်နဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အဲဒီနောက် ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ SNLD ပါတီကို ပြန်လည်မှတ်ပုံတင်ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၄၀ ကျော် နဲ့ တစ်နိုင်ငံလုံး စတုတ္ထအများဆုံးအနိုင်ရပါတီ ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ဧပြီလမှာ ပြုလုပ်တဲ့ SNLD ညီလာခံ မှာ ခေါင်းဆောင်ပြန်လည်ရွေးချယ်ရာမှာ ဦးခွန်ထွန်းဦးကပဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံခဲ့ရ ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်တွေမှာ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထည့်သွင်းဖော်ပြထားပါတယ်။

သူ့ရဲ့ ကျန်းမာရေး၊ မိသားစုအရေးကိစ္စတွေကြောင့် အနားယူချင်တယ်လို့ ပြောတာမျိုးတော့ ရှိတယ်လို့ စိုင်းညွန့်လွင်က ဦးခွန်ထွန်းဦး နုတ်ထွက်တာနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။

ပါတီ ဗဟိုကော်မတီ အစည်းအဝေး မထိုင်သေးဘဲနဲ့ အခုလိုမျိုး ပါတီကနုတ်ထွက်တဲ့ ဒီကိစ္စဟာ အတည် ဖြစ်ပြီလို့ပြောလို့ မရသေးကြောင်းလည်း သူကပြောပါတယ်။