တိုင်ပေ လူနေတိုက်တာ တခု မီးလောင်မှု မြန်မာ တဦးကြောင့်ဆို

ဓာတ်ပုံ ရင်းမြစ်, EPA
တိုင်ဝမ်ကျွန်းရဲ့ မြို့တော် တိုင်ပေမြို့က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အများစု နေထိုင်တဲ့ ရပ်ကွက်မှာ နိုဝင်ဘာလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ညပိုင်းက မီးလောင်မှု ဖြစ်ပွားလို့ လူ ၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ ပါတယ်။
ဟွာရှင်းလမ်းမှာ ရှိတဲ့ လေးထပ်တိုက် မီးလောင်မှုဟာ အသက် ၄၉ အရွယ် မြန်မာ နိုင်ငံသား တယောက်က မီးရှို့လို့ ဖြစ်ရတာလို့ မီးလောင်ရာနေရာ အနီးမှာ နေထိုင်သူ ကိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။
လေးထပ်တိုက်က အခန်း တစ်ခန်းမှာငှားရမ်း နေထိုင်သူ တစ်ယောက်နဲ့ မြန်မာ အမျိုးသားက စကားများပြီးနောက် လှေခါးမှာ မီးရှို့ခဲ့တာလို့ လည်း သူက ပြောပါတယ်။
သူက မူးယစ်ဆေးသုံးစွဲသူ တစ်ယောက် ဖြစ်ပြီး အရင်ကလည်း မီးရှို့မှုနဲ့ နှစ်ကြိမ်လောက် ဖမ်းဆီးခံခဲ့ရ ပေမယ့် အရေးယူမခံခဲ့ရဘူးလို့ ပြောကြပါတယ်။
အိမ်ရှင် အမျိုးသမီးက လေးထပ်တိုက်ခန်းကို တရားဝင်ခွင့်ပြုချက် မယူဘဲ နောက်ထပ် တစ်ထပ်တိုးချဲ့ဆောက်ပြီး အခန်းသေးတွေဖွဲ့ပြီး စျေးပေါပေါနဲ့ ငှားထားတာလို့ ဆိုပါတယ်။
အခန်းတွေကို သစ်သားတွေနဲ့ ကာရံ ဖွဲ့ထားတာဖြစ်လို့ မီးစွဲလောင်မှု မြန်ဆန်ခဲ့ပြီး မိနစ် ၃၀ ကြာ မီးလောင် ခဲ့စဉ်မှာ အခန်းတွေ အားလုံး မီးကူးစက် လောင်သွားခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ရတာလို့ ကိုထွန်းအောင်က ပြောပါတယ်။
အိမ်ရှင်ကို ဖမ်းဆီးခဲ့ပြီးနောက် အာမခံနဲ့ လွှတ်ပေးထားပါတယ်။
မီးရှိုကြောင်း ဝန်ခံခဲ့တဲ့ မြန်မာ အမျိုးသားကိုလည်း အခု ဖမ်းဆီး ထားပါတယ်။












