ပလက်ဝတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေတိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, Kyaw Moe Htun
အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံဆုံရာ တြိဂံဒေသမှာ မြန်မာတပ်မတော်ကနေ ရက္ခိုင့်တပ်မတော် (AA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေလို့ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လွန်းလို့ အနီးဝန်းကျင်က ရွာသားတွေဟာ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးတာတွေ ရှိနေပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ပလက်ဝမြို့ မြစ်ဝရွာအနီး ဝန်းကျင်က ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာဖြစ်တဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးနေကြပါတယ်။ နိုဝင်ဘာ ၃၀ ရက်က ထွက်ပြေးလာတဲ့ လူပေါင်း ၃၀၀ ကျော် အိန္ဒိယဘက်ခြမ်းကို ရောက်ရှိလာတယ်လို့ အိန္ဒိယဘက်ခြမ်းမှာ လူမှုအကူအညီပေးနေသူတွေက ပြောပါတယ်။
အခုဆိုရင် အိန္ဒိယနိုင်ငံထဲက မောင်ဘုဆွာရွာမှာ နိုဝင်ဘာ ၃၀ ရက်က ရောက်ရှိလာတဲ့ စစ်ရှောင်သူ ၃၀၀ ကျော်အပါအဝင် ထွက်ပြေးလာသူဦးရေ ၁,၇၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ သူတို့တွေရဲ့ စားဝတ်နေရေးအတွက် လူမှုကူညီထောက်ပံ့ရေး အဖွဲ့တွေက ဝိုင်းဝန်းကူညီပေးနေပေမယ့် လိုအပ်နေတာတွေ အများကြီး ရှိနေသေးတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
တိုက်ပွဲတွေ အခုလိုသာ ဆက်ဖြစ်ပွားနေရင် ရွာသားတွေထွက်ပြေးမှု ပိုရှိလာနိုင်တဲ့အတွက် အခက်အခဲတွေ ပိုလာနိုင်တယ်လို့လည်း လူမှုရေးအဖွဲ့တွေက ပြောဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတာဟာ သီတင်းပတ် ၂ ပတ် နီးပါး ကြာမြင့်နေပြီး နှစ်ဘက်တပ်အကြား အထိအခိုက်အကျဆုံးတွေ ရှိနေသလို စစ်ပြေး ဒုက္ခသည်တွေလည်း ပိုများလာနေတဲ့အတွက် ပလက်ဝဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။








