ရခိုင်အရေး မဟာပညာကျော် ဆွေးနွေးပွဲ မလုပ်ဖို့ တားဆီးခံရ

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, Thazin Community Development Institute - TCDI

ဓာတ်ပုံ ပုံစာ, ရခိုင်ကိစ္စ ဖြစ်တယ်ဆိုတာထက် ပါဝင်သူတွေကို အာဏာပိုင်တွေက မလိုလားလာကြောင့် ဖြစ်နိုင်တယ်လို့ ဆွေးနွေးဖို့ ပါဝင်သူ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ပြော
ရေးသားခဲ့သည်။

သြဂုတ်လ ၂၆ ရက်မှာ 'ရခိုင်အရေး ဘယ်လို အဖြေရှာမလဲ' မဟာပညာကျော် စကားဝိုင်း အစီအစဉ်ကို ရန်ကုန်မြို့က ဟိုတယ်တခုမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။

ဒီပွဲ ကျင်းပဖို့ နှစ်ပတ်ကြိုတင်ပြီး ခွင့်ပြုချက် မတင်တာကြောင့်ဆိုပြီး ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သြဂုတ်လ ၂၃ ရက်မှာ ကျင်းပရေး စီစဉ်နေတဲ့ ဟိုတယ်ကို လာရောက် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တားဆီးခဲ့တာကြောင့် တခြား ဆွေးနွေးပွဲ စကားဝိုင်းတွေ ကျင်းပခဲ့ဖူးတဲ့ ဟိုတယ်တွေမှာ ပြောင်းလဲ စီစဉ်ဖို့ ကြိုးစားခဲ့ပေမယ့် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနတွေကလည်း ခွင့်ပြုချက် မပေးတဲ့အတွက် သြဂုတ်လ ၂၅ ရက်ရောက်မှ ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ တဦးဖြစ်တဲ့ သဇင် လူမှု ဖွံ့ဖြိုးရေး အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်သန်းက ပြောပါတယ်။

ဒီလို အကြောင်းပြပြီး တားဆီးခံရပေမယ့် တခြား ခွင့်ပြုချက်မတင်ဘဲ ကျင်းပတဲ့ ဆွေးနွေးပွဲ စကားဝိုင်းတွေလည်း ရှိခဲ့တယ်လို့ ဦးအောင်သန်းက ပြောပါတယ်။

ဒီပွဲအတွက် ခွင့်ပြုချက်တင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အာဏာပိုင်တွေကို စုဆောင်းတင်ပြပြီး ကျင်းပရေး ထပ်မံ ညှိနှိုင်းသွားမယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ပွဲစီစဉ်သူ ဦးအောင်သန်းက ရခိုင်လူမျိုးတွေရဲ့သဘောထားတွေကို အစိုးရပိုင်း ကရော နိုင်ငံတကာကပါ လက်မခံကြတဲ့အတွက် ဒီဆွေးနွေးပွဲမှာ ရခိုင်လူမျိုး မဟုတ်တဲ့သူတွေကိုလည်း ဖိတ်ခေါ် ထားခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်အကြမ်းဖက်မှု တနှစ်ပြည့် မြေပြင်အနေအထား

အခုလို ကန့်ကွက်ခံရတာဟာ ရခိုင်ကိစ္စ ဖြစ်တယ်ဆိုတာထက် ပါဝင်သူတွေကို အာဏာပိုင်တွေက မလိုလားလာကြောင့် ဖြစ်နိုင်တယ်လို့ ဦးဆောင် ဆွေးနွေးဖို့ ပါဝင်သူ တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။

နောက်ထပ်ပါဝင်တဲ့ ဦးဆောင် ဆွေးနွေးသူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးတို့ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ကျင်းပဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက နှစ်ပတ်ကြိုပြီး ခွင့်ပြုချက် တောင်းရမယ်လို့ ၁၉၉၈ ခုနှစ်ကတည်းက စည်းကမ်းသတ်မှတ်ထားပြီး ဦးဆောင် ဆွေးနွေးမယ့်သူတွေရဲ့ မှတ်ပုံတင် မိတ္တူနဲ့ ကိုယ်ရေးရာဇဝင်ကိုပါ ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပြီး ဒီဆွေးနွေးပွဲ ဖြစ်မလာမှာကို ပွဲစီစဉ်သူတွေက စိုးရိမ်နေကြပါတယ်။

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် လူငယ်တွေ မျှော်လင့်ချက်မဲ့နေလို့ ကုလပြော