အောက်တိုဘာ ၁၉ ရက် မနက်ခင်း သိသင့်တဲ့ သတင်းများ

မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အာဆာကို တန်ပြန်တဲ့ စစ်ဆေးရေးတွေမှာ အင်အား အလွန်အကျွံသုံးခဲ့တယ်လို့ စွပ်စွဲခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အာဆာကို တန်ပြန်တဲ့ စစ်ဆေးရေးတွေမှာ အင်အား အလွန်အကျွံသုံးခဲ့တယ်လို့ စွပ်စွဲခံရ
ရေးသားခဲ့သည်။

(၁) အီးယူ-အာရှ အစည်းအဝေးပွဲမှာ ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်

ဘယ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ကျင်းပနေတဲ့ ဥရောပ သမဂ္ဂ (EU) ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ အတူ အာရှ က မိတ်ဖက်နိုင်ငံတွေပါ တက်ရောက်တဲ့ အာရှ-ဥရောပ အစည်းအဝေးပွဲ Asia-Europe Meeting (ASEM) ကို ကျင်းပနေပါတယ်။

အဲဒီ ၁၂ ကြိမ်မြောက် ASEM အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်လည်း တက်ရောက်နေပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ဒီနေ့ သောကြာနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဆိုင်ရာ အကျပ်အတည်း အကြောင်း ဆွေးနွေးဖို့ရှိတယ်လို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာ ဝန်ကြီး ဖက်ဒရီကာ မာရီယာ မူဂါရီနီ (Federica Maria Mogherini) က ပြောပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာတွေကို လူမနေတဲ့ ကျွန်းကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နယူးယောက်မှာ ကျင်းပခဲ့တဲ့ ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးပွဲ

ဓာတ်ပုံ ရင်းမြစ်, DOMINICK REUTER/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နယူးယောက်မှာ ကျင်းပခဲ့တဲ့ ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးပွဲ

(၂) မြန်မာ အရေး ကုလ စုံစမ်းရေး အဖွဲ့ အစီရင်ခံစာ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးမယ်

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုပြီး စွပ်စွဲထားတဲ့ ကုလ သမဂ္ဂ အချက်အလက် ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ (UN Fact Finding Mission) ရဲ့ အစီရင်ခံစာကို ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ နိုင်ငံတကာ သံတမန်တွေက ပြောပါတယ်။

ဒီအစီရင်ခံစာကို မဆွေးနွေးဖို့ မြန်မာအစိုးရဘက်က ကန့်ကွက်ခဲ့ပေမယ့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အပါအဝင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၉ နိုင်ငံက ဆွေးနွေးဖို့ ထောက်ခံခဲ့လို့ လာမယ့် အောက်တိုဘာ ၂၂ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာ့ အရေး ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘက်ကတော့ ကုလ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက် တွေကို ပယ်ချ ထားတာပါ။ ၂၀၁၇ ခုနှစ် တုန်းက ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အာဆာ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒီ ပဋိပက္ခတွေထဲမှာ ရိုဟင်ဂျာ သိန်းနဲ့ချီဟာလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသလို ဒေသခံ ရခိုင် လူမျိုးတွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း အိုးအိမ် စွန့်ခွာခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။

တူရကီ မှုခင်းဆေးပညာရှင် တွေက အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးနဲ့ အိမ်တော်ကို ရှာဖွေ စစ်ဆေးခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တူရကီ မှုခင်းဆေးပညာရှင် တွေက အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးနဲ့ အိမ်တော်ကို ရှာဖွေ စစ်ဆေးခဲ့

(၃) ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် သေဆုံးပြီလို့ သမ္မတ ထရမ့် ပြောပြီ

ဆော်ဒီအာရေဗျ သတင်းထောက် ဂျမား ဟာရှော့ဂျီ သေဆုံးခဲ့တယ် ဆိုတာကို အခုအချိန်မှာတော့ သူ ယုံကြည်သွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝန်ခံလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ သူက ခိုင်မာတဲ့ မှတ်တမ်း သက်သက်တွေ ပြဖို့ သတင်းထောက် အသတ်ခံခဲ့ရတယ်လို့ ယူဆရတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရှိရာ တူရကီ နိုင်ငံကို တောင်းဆိုခဲ့တာပါ။

သတင်းထောက် သတ်ဖြတ်ခံရမှုမှာ ဆော်ဒီ အစိုးရ ပါဝင်ပတ်သက်နေကြောင်း အထောက် အထားတွေသာ ခိုင်မာခဲ့ရင် ဆော်ဒီအနေနဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံတွေ့ရနိုင်တယ်လို့လည်း မစ္စတာ ထရမ့်က မီဒီယာကို ပြောသွားခဲ့ပါတယ်။

မစ္စတာ ဟာရှော့ဂျီ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီ အစိုးရကို ဖြေရှင်းခွင့် အချိန်တိုးပေးဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက နိုင်ငံတကာကို ဖျောင်းဖြ နေပါတယ်။

ဆော်ဒီအာရေဗျ ဟာ အကြီးဆုံး ကမ္ဘာ့ ရေနံတင်ပို့ နေတဲ့ နိုင်ငံ တစ်နိုင် ဖြစ်တာနဲ့အတူ ကမ္ဘာ့ စင်မြင့်ထက်မှာ သြဇာကြီးမားပါတယ်။ အမေရိကန် အပါအဝင် အနောက်အုပ်စု ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေရဲ့ အရေးပါတဲ့ မဟာမိတ် နိုင်ငံလည်း ဖြစ်နေပါတယ်။

ဒါပေမယ့် ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆလမန်းကို ဝေဖန်လေ့ရှိတဲ့ မစ္စတာ ဟာရှော့ဂျီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဆော်ဒီကို သူ့ရဲ့ မိတ်ဆွေ နိုင်ငံတွေက ပြစ်တင်ရှုတ်ချ နေကြပါတယ်။

ရှေ့လာမယ့် သီတင်းပတ် ဆော်ဒီ မြို့တော် ရီယာ့ဒ် မှာ အကြီးအကျယ် ကျင်းပဖို့ ရှိနေတဲ့ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ထိပ်သီး ညီလာခံကို အနောက်နိုင်ငံတွေက သပိတ်မှောက် ထားပါတယ်။ ညီလာခံကို မတက်ရောက်မယ့် စာရင်းမှာ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ် နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က အကြီးအကဲ လည်း ပါဝင်သလို အခု နောက်ဆုံးမှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင်လည်း ပါဝင်လာပါပြီ။

ရာဇဝတ်မှု ထူပြောပြီး ဆင်းရဲမွဲတေမှု မြင့်မားနေလို့ ထွက်ပြေးရလို့ ရွှေ့ပြောင်းလာသူတွေက ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာဇဝတ်မှု ထူပြောပြီး ဆင်းရဲမွဲတေမှု မြင့်မားနေလို့ ထွက်ပြေးရလို့ ရွှေ့ပြောင်းလာသူတွေက ပြော

(၄) ဂွာတီမာလာ နယ်စပ်ကို မက္ကစီကို တပ်ဖွဲ့ ရာချီ စေလွှတ်

မက္ကစီကို အစိုးရက နိုင်ငံ တောင်ပိုင်းက ဂွာတီမာလာ နယ်စပ်ကို ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီကို စေလွှတ်လိုက်ပါတယ်။

အမေရိကတိုက် အလယ်ပိုင်း နိုင်ငံတွေ ဖြစ်ကြတဲ့ အဲလ်ဆာဗားဒိုး၊ ဟွန်းဒူးရပ်စ်နဲ့ ဂွာတီမာလာ နိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်းသူ ၃၀၀၀ ကျော်လောက် ဟာ အမေရိကန်၊ မက္ကစီကို နယ်စပ်ကို ဦးတည် ပြီ လာနေတာမှာ အမေရိကန်က အင်အားသုံး ပြီး တားမြစ်မယ်လို့ ခြိမ်းခြောက်တာကို တန်ပြန်တဲ့ အနေနဲ့ မက္ကစီကို က အခုလို တုံ့ပြန်ခဲ့တာပါ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားတွေကို မက္ကစီကိုက ခေါင်းငုံ့ ခံနေမှာ မဟုတ်ဘဲ စီးပွားရေး ဒုက္ခကြောင့် ရွှေ့ပြောင်းလာသူတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ မက္ကစီကိုအစိုးရက ပြောပါတယ်။