ဒေါ်နယ်ထရမ့်- ဘီလီယံနာ သူဌေးဘဝမှသည် သမ္မတလောင်း အဖြစ်သို့

Donald Trump in profile

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတလောင်း ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်
    • ရေးသားသူ, Jessica Lussenhop
    • ရာထူးတာဝန်, BBC News Magazine
  • ရေးသားခဲ့သည်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတလောင်း အဖြစ် မရောက်ခင် ကတည်းက အမေရိကန်ရဲ့ စိတ်ဝင်စား စရာ အကြောင်းတွေနဲ့ ပြည့်လျှံနေတဲ့ အကျော်ကြားဆုံး ကုဋေကြွယ် သူဌေး တစ်ယောက်ပါ။

သမ္မတ အနေနဲ့ ဝင် အရွေးခံမယ် ဆိုပြီး နိုင်ငံရေးထဲ ဝင်လာတော့ အောင်မြင်မှာ မဟုတ်ပါဘူး ဆိုပြီး ယူဆ ခံခဲ့ရတဲ့ ထရမ့်ဟာ အခုတော့ ရီပတ်ပလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အိမ်ဖြူတော်နဲ့ လက်တကမ်း အလိုထိ ရောက်လာ ခဲ့ပါပြီ။

သူ့ရဲ့ အငြင်းပွားဖွယ် လူဝင်မှု ဆိုင်ရာ မူဝါဒ သဘောထား တွေနဲ့ အပြောအဆို ရဲတင်း ကြမ်းတမ်းတဲ့ မဲဆွယ် စကားတွေကြောင့် သာ မကပဲ နာမည်ကြီး သူဌေးဘဝ နောက်ကြောင်းတုန်းက အကြောင်းအရာ တွေကြောင့်လည်း ထရမ့်အပေါ် သမ္မတလောင်း တစ်ယောက် အဖြစ် ကိုးစားဖို့ မယုံမရဲ ဖြစ်နေကြပါတယ်။

လက်ရှိ သမ္မတ အိုဘားမား အပေါ် အမေရိကန် မဟုတ်ပဲ သမ္မတ ဖြစ်လာသူ ဆိုပြီး အမြဲ စွပ်စွဲ လေ့ ရှိခဲ့တဲ့ ထရမ့်ဟာ အဆုံးမှာတော့ အိုဘာမားဟာ အမေရိကန် ဖွားတစ်ယောက် ဖြစ်တယ် ဆိုတဲ့ အချက်အပေါ် ဝန်ခံ ခဲ့ပေမယ့်လည်း သူ ပြောဆို ခဲ့တာတွေ အတွက်တော့ တောင်းပန် စကား ပြောသူ မဟုတ်ပါဘူး။

Donald Trump at Trump Tower

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်ဆယ်ဗေးနီးယား တက္ကသိုလ် အောက်က ဝါတန်ကျောင်း မှာ တက်ခဲ့

ငယ်ဘဝ

မစ္စတာ ထရမ့်ဟာ နယူးယောက်မြို့ အိမ်ခြံမြေ သူဌေး ဖရက်ဒ် ထရမ့် ရဲ့ လေးယောက်မြောက် သားပါ။ သူဌေးသားပေမယ့် အဖေ့ ကုမ္ပဏီမှာ အောက်ခြေကစ အလုပ် လုပ်ခဲ့ရသလို၊ ၁၃ နှစ်သား မှာတော့ အရပ်ဘက် စာသင်ကျောင်းမှာ စည်းကမ်းပျက်လာတဲ့ ထရမ့်ဟာ နယူးယောက် စစ် အကယ်ဒမီကျောင်းကို အပို့ ခံရပါတယ်။

တက္ကသိုလ် အနေနဲ့ကတော့ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် အောက်က ဝါတန်ကျောင်း မှာ တက်ခဲ့ပါတယ်။ အစ်ကို ဖြစ်သူက လေယာဉ်မှုး လုပ်မယ် ဆိုပြီး ဘဝလမ်းကို ရွေးချယ် သွားတော့ ထရမ့်ပဲ ဖခင်ရဲ့ ကုမ္ပဏီကို ဆက်ခံရမယ့်သူ ဖြစ်လာပါတယ်။

ထရမ့်ဟာ ဖခင် ဖြစ်သူရဲ့ ကုမ္ပဏီ လုပ်ငန်းတွေကို တိုးချဲ့ပြီး နယူးယောက် မြို့တော် တခွင် အိမ်ရာ စီမံကိန်း တွေ လုပ်ကိုင်ရင်း ကုမ္ပဏီ တစ်ခုလုံးကို ထိန်းချုပ် နိုင်ခဲ့တဲ့နောက် ၁၉၇၁ မှာတော့ ကုမ္ပဏီကို ထရမ့် လုပ်ငန်း အဖွဲ့ Trump Organization ရယ်လို့ နာမည် ပြောင်းလိုက် ပါတော့တယ်။

ဖခင် ဖြစ်သူ ၁၉၉၉ မှာ ကွယ်လွန်တော့ ထရမ့်က "အဖေဟာ ကျွန်တော် အတုယူ အားကျရသူပဲ" လို့ ဆိုပါတယ်။

A advert for The Apprentice hung at Trump Tower

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Apprentice ပြိုင်ပွဲတွေကို ထရမ့်က ထုတ်လုပ် ခဲ့

ဩဇာကြီး သူဌေးဘဝ တက်လှမ်းပြီ

နယူးယောက်ရဲ့ ဘရွတ်ကလင်နဲ့ ကွင်းစ် အရပ်တွေမှာ အခြေချ လုပ်ကိုင်နေတဲ့ ဖခင် ဖြစ်သူရဲ့ အိမ်ခြံမြေ စီးပွားရေးကို အကောင်းဆုံး ရပ်ကွက်ဖြစ်တဲ့ မက်ဟန်တန် အထိ ထရမ့်က တိုးချဲ့ ပါတယ်။ ပျက်စီး ယိုယွင်းနေတဲ့ ကွန်မွန်ဒေါ ဟိုတယ်ကို ဖြိုချပြီး ဂရင်း ဟိုက်ရတ် ခေတ်မီ ဟိုတယ်ကြီး အဖြစ် ပြောင်းခဲ့တာ ထရမ့်ရဲ့ အောင်မြင်တဲ့ မက်ဟန်တန် စီမံကိန်း တစ်ခုပါပဲ။

နယူးယောက်ရဲ့ နာမည်ကျော် ပဉ္စမမြောက် လမ်း Fifth Avenue မှာ ရှိတဲ့ ၆၈ ထပ်မြင့်တဲ့ ထရမ့်တာဝါ ကြီးကတော့ ထရမ့်ပိုင် အဆောက်အဦထဲ အကျော်ကြားဆုံး ဖြစ်ပါတယ်။ ထရမ့်တာဝါ အဆောက်အဦကြီးလိုပဲ ထရမ့်ဟာ သူ့နာမည် အတိုင်း လိုက်လံမှည့်ခေါ်တဲ့ တခြား နာမည်ကျော် အဆောက်အဦတွေ အများအပြားလည်း (ဥပမာ- ထရမ့်ပဲလေ့စ်၊ ထရမ့် ဝါးလ်ဒ်တာဝါ၊ ထရမ့် အင်တာနေရှင်နယ် ဟိုတယ် အစရှိသဖြင့်) ဆောက်လုပ် ပိုင်ဆိုင် ပါတယ်။

ထရမ့်တာဝါ တွေဟာ နယူးယောက် မှာတင် မက၊ မွန်လိုင်း၊ အစ္စတန်ဘူလ် နဲ့ မနီလာတို့လို ကမ္ဘာအနှံ့ မြို့ကြီးတွေမှာ ရှိပါတယ်။

ဟိုတယ်တွေ၊ ကာစီနို လောင်းကစားရုံတွေ တည်ဆောက် တိုးချဲ့ရင်း စီးပွားရေး လက်တံရှည် လာခဲ့တဲ့ ထရမ့်ဟာ သူ့ စီးပွားရေး သက်တမ်း တလျှောက် ဒေဝါလီ ခံတယ်လို့ ခေါ်တဲ့ စီးပွားပျက် စာရင်း ၄ ကြိမ် တင်သွင်း ခဲ့ရပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အတွက် သက်သက်ပဲ ဒေဝါလီ ခံတာ ဖြစ်ပြီး သူ့ ပုဂ္ဂလိက လူမွဲစာရင်း ကြေညာတာတော့ မဟုတ် ပါဘူး။

အိမ်ခြံမြေ စီးပွားရေး ကနေ ဖျော်ဖြေရေး လုပ်ငန်းတွေဘက်လည်း ထရမ့်တစ်ယောက် ခြေလှမ်း လာခဲ့ပါတယ်။ ၁၉၉၆ ကနေ ၂၀၁၅ အထိ မယ်စကြဝဠာ၊ မစ္စ ယူအက်စ်အေနဲ့ ဆယ်ကျော်သက် အမေရိကန်မယ် ပြိုင်ပွဲတွေဟာ ထရမ့် ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။

အမေရိကန် ရုပ်သံလိုင်း NBC က ထုတ်လွှင့်တဲ့ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်မှုတွေ ယှဉ်ပြိုင်ရတဲ့ ရီရယ်လတီ ရှိုး တစ်ခု ဖြစ်တဲ့ The Apprentice ပြိုင်ပွဲတွေကို ထရမ့်က ထုတ်လုပ် ခဲ့တာ ဖြစ်ပြီး၊ သူကိုယ်တိုင် အဲဒီ့ ရုပ်သံကဏ္ဍထဲမှာ ၁၄ နှစ်တိုင်တိုင် ပါဝင် တင်ဆက် ခဲ့ပါတယ်။ The Apprentice ရှိုးတွေ အတွက် NBC ဆီကနေ ထရမ့်ဟာ စုစုပေါင်း ဒေါ်လာ ၂၁၃ သန်းရခဲ့တယ် ဆိုတဲ့ အချက်ကို နောက်ပိုင်း ထရမ့်ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွင့်ဟ ကြေညာချက်ထဲ တွေ့ရပါတယ်။

ဖို့ဘ်စ် မဂ္ဂဇင်းရဲ့ အဆိုအရ ထရမ့်ရဲ့အသားတင် ကြွယ်ဝမှုဟာ ဒေါ်လာ ၃.၇ ဘီလီယံလောက် ရှိမယ်လို့ တွက်ဆ ထားပေမယ့် ထရမ့်ကတော့ သူဟာ ဒေါ်လာ ၁ဝ ဘီလီယံ အထိ ချမ်းသာသူ ဖြစ်တယ်လို့ ပြောပါတယ်။

Ivana and Donald Trump in 1989

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့် ပထမဆုံး လက်ထပ်ခဲ့တဲ့ အီဗားနား ဇဲလ်နစ်ချကိုဗာ

ခင်ပွန်းသည် ထရမ့်၊ ဖခင် ထရမ့်

ထရမ့်ဟာ အိမ်ထောင် ၃ ကြိမ် ပြုခဲ့ပါတယ်။ အိမ်ထောင် ဘက်တွေထဲ လူတွေအကြား အသိများ အထင်ရှားဆုံး ကတော့ ထရမ့် ပထမဆုံး လက်ထပ်ခဲ့တဲ့ အီဗားနား ဇဲလ်နစ်ချကိုဗာ ဖြစ်ပါတယ်။ အီဗားနားဟာ ချက် နိုင်ငံဖွား နှင်းလျှောစီး အားကစားမယ် ဖြစ်ပြီး နောက်ပိုင်း ကိုယ်ဟန် အလှပြ မော်ဒယ် တစ်ဦး ဖြစ်လာသူပါ။ ဒေါ်နယ် ဂျူနီယာ၊ ပီဗန်ကာ နဲ့ အဲရစ် ဆိုတဲ့ သားသမီး ၃ ယောက် ပွားစီးပြီးမှ ဒေါ်နယ်နဲ့ အီဗားနားတို့ ၁၉၈ဝ မှာ ရုံးတော်ထံ ကွာရှင်းခွင့် လျှောက်ထား ခဲ့ကြပါတယ်။

၁၉၉၃ မှာတော့ ထရမ့်ဟာ ဒုတိယ အိမ်ထောင်ထူ ပါတယ်။ အမေရိကန် ရုပ်ရှင် မင်းသမီး မာလာ မေပယ်လ်စ်နဲ့ပါ။ တစ်ဖ်နီ ဆိုတဲ့ သမီးတစ်ယောက် ရခဲ့ပြီး ၁၉၉၉ မှာ သူတို့ နှစ်ယောက် ပြတ်စဲ ခဲ့ပါတယ်။

လက်ရှိ ဇနီးသည် မော်ဒယ် အလှမယ် မလားနီးယား နဲ့ ၂ဝဝ၅ ခုနှစ်မှာ ထရမ့် လက်ထပ် ပါတယ်။ သူတို့မှာ ဘာရွန် ဝီလျမ် ထရမ့် ဆိုတဲ့ သားတစ်ဦး ထွန်းကားပါတယ်။

ထရမ့် အော်ဂနိုက်ဇေးရှင်း ကုမ္ပဏီကြီးမှာ ထရမ့်က အမှုဆောင် အရာရှိချုပ် CEO အဖြစ် တာဝန် ယူထားဆဲ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ နေ့စဉ် တာဝန်တွေကိုတော့ သူ့ရဲ့ ပထမအိမ်ထောင်က ရတဲ့ သားသမီးတွေက တာဝန်ယူ ထားပါတယ်။

Trump with his wife Melania and children at his campaign announcement

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂ဝ၁၅ ဇွန်လမှာတော့ မစ္စတာ ထရမ့်ဟာ ရီပတ်ဘလစ်ကင် သမ္မတ အဖြစ် ဝင် အရွေးခံမယ်လို့ တရားဝင် ကြေညာ

သမ္မတလောင်း ထရမ့်

သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ စိတ်ဝင်တစား ရှိကြောင်း မစ္စတာ ထရမ့် စတင် ပြသခဲ့တာ ၁၉၈၇ ခုနှစ် ကတည်းကပါ။ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်မှာတော့ ရီဖောင်း ပြင်ဆင်ရေး ပါတီ ကိုယ်စားလှယ် အနေနဲ့ ရွေးကောက်ပွဲ ဝင်ပါတယ်။

၂ဝဝ၈ နောက်ပိုင်း သမ္မတ အိုဘားမား လက်ထက်မှာတော့ အိုဘားမား ဟာ အမေရိကန် မဟုတ်ဘူး၊ ဒါ့ကြောင့် သမ္မတ ဖြစ်နေတာ တရား မဝင်ဘူး ဆိုပြီး စွပ်စွဲတဲ့ "birther" လှုပ်ရှားမှုထဲ အတက်ကြွဆုံး အသံအကျယ်လောင်ဆုံး လှုပ်ရှား တက်ကြွသူ တစ်ယောက် ထရမ့် ဖြစ်လာပါတယ်။

၂ဝ၁၅ ဇွန်လမှာတော့ မစ္စတာ ထရမ့်ဟာ ရီပတ်ဘလစ်ကင် သမ္မတ အဖြစ် ဝင် အရွေးခံမယ်လို့ တရားဝင် ကြေညာပါတယ်။ဒီလို ကြေညာပွဲ သူပြောတဲ့ မိန့်ခွန်းထဲ သူဟာ ရွေးကောက်ပွဲ စရိတ် ရံပုံငွေ ရှာဖို့ လိုသူ မဟုတ်လို့ ၊ ဘယ်သူ့ မျက်နှာကိုမှ ကြည့်စရာ မလိုသူ ဖြစ်တယ်လို့ ကြွေးကြော်ပါတယ်။ အဲဒီနောက် မှာတော့ "အမေရိကန်ပြည်ကြီး တကျော့ပြန် ကြီးကျယ် ခမ်းနားကြဖို့ လုပ်ဆောင်ကြစို့" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင် ထားပြီး ထရမ့် တစ်ယောက် မဲဆွယ် လာပါတော့တယ်။

မဲဆွယ်ပွဲ ကာလတွေ အတွင်း ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး ပြောစကားတွေထဲ မက္ကဆီကို နဲ့ နယ်စပ်မှာ တံတိုင်းခတ်မယ်၊ မွတ်ဆလင်မ်တွေကို အမေရိကန်ထဲ ပြည်ဝင်ခွင့် ယာယီ ဆိုင်းငံ့မယ် စတာတွေ ပါဝင်ပြီး အမေရိကန် စီးပွားရေး ပြန်လည် ခိုင်မာ တောင့်တင်းအောင် ပြုလုပ်မယ် ဆိုတဲ့ ကတိစကားကတော့ လူတွေကို အဆွဲဆောင် နိုင်ဆုံး ဖြစ်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကင် သမ္မတလောင်း နေရာ အတွက် ပြိုင်ဘက်တွေ ဖြစ်တဲ့ တက်ဒ်ခရုဇ်တဲ့ မာကို ရူဘီယို တို့လည်း မဲဆွယ်တာတွေ အသည်းအသန် ပြုလုပ်ခဲ့ကြပြီး၊ ထရမ့်ရဲ့ ပြောစကားတွေကို မနှစ်သက်သူတွေရဲ့ ထရမ့်အပေါ် အကြီးအကျယ် ဆန္ဒပြ ကန့်ကွက်မှုတွေ ကြားထဲကပဲ အင်ဒီယားနား ပြည်နယ် ပရိုင်မာရီ အပြီးမှာတော့ ထရမ့်ဟာ ရီပတ်ဘလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် သေချာသလောက် ရှိလာခဲ့ပါတယ်။