ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီ ဒေသ က ပတ်ဝန်းကျင် ညစ်ညမ်းမှု

- ရေးသားသူ, Navin Singh Khadka
- ရာထူးတာဝန်, Environment reporter, BBC World Service
- ရေးသားခဲ့သည်။
သမိုင်းဝင်နေရာဖြစ်တဲ့ ဗုဒ္ဓမွေးဖွားရာ နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ် အနီးတဝိုက်မှာ လေထုညစ်ညမ်းမှုအခြေအနေ တော်တော် ဆိုးဝါးနေပါတယ်။
ဗုဒ္ဓ ဘုရားရှင် ဖွားမြင်တော် မူခဲ့ရာ ပတ်ဝန်း ကျင် က ပတ်ဝန်းကျင်က သာသာယာယာပါပဲ။ ကျေးငှက်သာရကာတွေကလည်း တေးဆိုနေကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ လေကောင်းလေသန့်တွေ ရှိနေရမယ့် အစားမှာ အဆိပ်အတောက် ဖြစ်စေမယ့် ဓာတ်ငွေ့တွေနဲ့ ပြည့်နေပါပြီ။ ဒါဟာ ဗုဒ္ဓဘုရားရှင် ဖွားမြင်ခဲ့တယ်ဆိုတဲ့ လုမ္ဗိနီ ဥယျာဉ်ဖြစ်ပါတယ်။
နီပေါနိုင်ငံမှာ လေထုညစ်ညမ်းနေတဲ့ နေရာ ငါးခုကို နမူနာကောက်ယူပြီး စစ်ဆေးခဲ့ပါတယ်။ အဲသလို စစ်ဆေးကြည့်ရာမှာ ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီ ဥယျာဉ် ဟာ လေထုညစ်ညမ်းမှု သိပ်မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။
လုမ္ဗနီ ဥယျာဉ်သာမကဘဲ ဂင်္ဂါ မြစ်ဝှမ်းဒေသတခုလုံးဟာ လေထုညစ်ညမ်း ရာ ဇုန် ထဲမှာ ပါဝင်နေပါတယ်။ လုမ္ဗိနီ ဥယျာဉ်ဒေသဟာ ကမ္ဘာလှည့် ခရီးသည် တွေ အများအပြား လာရောက်ရာ ဒေသဖြစ်ပါတယ်။
ကမ္ဘာတလွှားက ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားပြီး လာရောက် ကြည်ညိုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ရဟန်းသံဃာတွေ တရား ဓမ္မ ကျင့်ကြံသီတင်းသုံးကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရဟန်းသံဃာတွေဟာ တရားဓမ္မကို ရွတ်ဆိုနေချိန်မှာတောင်မှ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အဝတ်မျိုး ကို တပ်ဆင်ထားတာတွေ့ရပါတယ်။


လုမ္ဗနီမှာ သီတင်းသုံးတဲ့ ဆရာတော် သျှံကာဂေါတမက လေထုညစ်ညမ်းနေလို့ တရားအားထုတ်တဲ့ သံဃာတွေဟာ နှာခေါင်းစည်းတွေကို တပ်ဆင်ထားရတယ်လို့ မိန့်ပါတယ်။ လေထုညစ်ညမ်းတဲ့အတွက် ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ဒီဒေသမှာ အဆုပ်ရောဂါ ဖြစ်ပွားသူအရေအတွက် တိုးတက်များပြားလာခဲ့တယ်လို့လည်း ဆိုပါတယ်။
တရားအားထုတ်သူတယောက်ဟာ ပန်းနာရင်ကျပ်ရောဂါရှိရင် ဒီနေရာမှာ တရားအားထုတ်တဲ့ အခါ ရောဂါ ပိုဆိုးလာတတ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လေထုထဲမှာ ဖုံမှုန့်တွေ ရောပါနေတဲ့ အတွက် အရေပြားရောဂါတွေလည်း ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန္နဝါရီလက လေထုတိုင်းတာချက်အရာ လေထုထဲမှာ အမှုန်နဲ့ ရေခိုးရေငွေ့ ပါဝင်မှုကို တိုင်းတာရာမှာ လေထု ၁ ကုဗမီတာမှာ သိပ်သည်းဆ ၁၇၃ ဒသမ ၀၃၅ မိုက်ကရို ဂရမ် ရှိနေပါတယ်။
မြို့တော် ခတ္တမန်ဒူ မှာတောင် လေထုညစ်ညမ်းမှုဟာ ၁၀၉ ဒသမ ၈၂ ပဲ ရှိတဲ့ အတွက် လုမ္ဗနီဥယျာဉ်ထက် အများကြီး သက်သာပါသေးတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ပရဲ့ သတ်မှတ်ချက်အရ ဘေးအန္တရာယ်ကင်းနိုင်တဲ့ လေထုညစ်ညမ်းမှု ပမာဏက တစ်ကုဗ မီတာမှာ ၂၅ မိုက်ခရို ဂရမ်ဖြစ်ပါတယ်။ ဒီတော့ ဘေးအန္တရာယ်ကင်းတဲ့ ပမာဏထက် ၇ ဆများပြားနေတာကိုတွေ့နိုင်ပါတယ်။
ဘီဘီစီ သတင်းထောက် က လေထုတိုင်းတာတဲ့ စက်ထဲမှာ စက္ကူစကလေးကို ထည့်သွင်းပြီး တိုင်းတာ ကြည့်လိုက်တဲ့ အခါမှာတော့ စက္ကူစ က ချက်ချင်း အမည်းရောင် ဖြစ်လုနီးပါး ဖြစ်သွားပါတယ်။ တကယ်လို့ လေထုဟာ သန့်ရှင်းနေမယ်ဆိုရင် ဒီစက္ကူလေးဟာ ဖြူဖွေးနေရမှာ ဖြစ်ပါတယ်။
အစိုးရသတ်မှတ်ချက်အရ စက်ရုံအလုပ်ရုံတွေဟာ လုမ္ဗနီဥယျာဉ်ကနေ ၉ မိုင်ခွဲ အကွာမှာသာ တည်ဆောက်လုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါမှာ စက်မှုဇုန်ဟာ တိုးချဲ့လာပြီး သတ်မှတ်နယ်မြေ ဘက်မှာ ဘိလပ်မြေစက်ရုံတွေ၊ သံမဏိစက်ရုံတွေ၊ စက္ကူစက်ရုံတွေ၊ အပ်စက်ရုံတွေ၊ အုတ်စက်ရုံတွေ တည်ဆောက်လာကြတာဟာလည်း လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်တွေ တိုးပွားလာပြီး လေထုညစ်ညမ်းစေတဲ့ အကြောင်း တခုဖြစ်ပါတယ်။
















