ဂျာကာတာမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရဲ၃ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အသေခံ ဗုံးခွဲသမားလို့ ယူဆရတဲ့ လူနှစ်ဦးရဲ့ တိုက်ခိုက်မှုတွေကြောင့် ချီတက်လမ်းလျှောက်ပွဲတခုကို စောင့်ကြပ်ပေးနေတဲ့ ရဲအရာရှိ ၃ဦး သေဆုံးသွားတယ်လို့ ရဲတွေက ပြောပါတယ်။
ဂျာကာတာမြို့ အရှေ့ပိုင်းက ဘတ်စ်ကားမှတ်တိုင်တခု နားမှာ ၅မိနစ်ခြား ပေါက်ကွဲခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုတွေအတွင်း တခြားလူ ၁၀ဦးလည်း ဒဏ်ရာရသွားပါတယ်။
ဗုံးခွဲသမားတွေလို့ ယူဆရသူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး သူတို့ ဘယ်သူဘယ်ဝါဆိုတာကို နောက်ပိုင်းမှာ ထုတ်ဖော်ကြေညာမယ်လို့ ရဲပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒီဖေါက်ခွဲတိုက်ခိုက်မှုကို ဘယ်သူက နောက်ကွယ်ကနေ လုပ်ခဲ့တာလဲ ဆိုတာ မသိရသေးပါဘူး။
ဒါပေမယ့် ကမ္ဘာပေါ်မှာ မူဆလင် လူများစု အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အစွန်းရောက်ဝါဒ တဖြည်းဖြည်း ကြီးထွားလာနေတာနဲ့ ပတ်သက်လို့ အာဏာပိုင်တွက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။








