မန်ချက်စတာဗုံးခွဲသမားရဲ့ အဖေနဲ့ နောက်အကိုတဦးကို ထိန်းသိမ်း

မန်ချက်စတာမြို့ အသေခံ ဗုံးခွဲသမား Salman Abedi ရဲ့ အဖေနဲ့ အကိုတဦးကို လစ်ဗျားနိုင်ငံမှာ ထိန်းသိမ်းလိုက်ပါတယ်။
နောက်အကိုတဦးကို မန်ချက်စတာမြို့မှာ ထိန်းသိမ်းလိုက်အပြီး တရက် အကြာမှာပဲ အဖေနဲ့ အကိုကို ထရစ်ပိုလီမြို့မှာ ထိန်းသိမ်းခဲ့တာပါ။
Salman Abedi ရဲ့ အဖေ Ramadan Abedi က ဒီတိုက်ခိုက်မှုကို သူ့သား လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
အခုအခါ ဗြိတိန်နိုင်ငံမှာ ရဲက ဖမ်းဆီးထားသူ စုစုပေါင်း ၇ဦး ရှိသွားပြီ ဖြစ်ပါတယ်။
တနင်္လာနေ့ညက လူ ၂၂ဦး သေဆုံးခဲ့ရတဲ့ ဂီတပွဲ ဗုံးခွဲ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ကွန်ရက်တခု ရှိမယ်လို့ ရဲတွေက ယူဆနေပါတယ်။
ဖောက်ခွဲတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဖောက်ခွဲပစ္စည်းကို ဗုံးခွဲသမားက လုပ်ခဲ့တာ မဟုတ်ဘူးလို့ လုံခြုံရေး အဖွဲ့က ယူဆထားပြီး ဗုံးလုပ်တယ်လို့ ယူဆရတဲ့ နေရာကို စုံစမ်းရှာဖွေနေပါတယ်။
မန်ချက်စတာမြို့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပေါက်ကြား ပေါ်ထွက်လာတဲ့ အခင်းဖြစ်ပွားရာနေရာက မြင်ကွင်းဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေကို The New York Times သတင်းစာကြီးက ဖေါ်ပြလိုက်တာအပေါ် ဗြိတိန် ရဲတွေက ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဒီပေါက်ကြားမှုကြောင့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက် စေနိုင်ကြောင်းနဲ့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့အပေါ် ဗြိတိန်ရဲ့ ယုံကြည်စိတ်ချမှုကို ပျက်ပြားသွားစေနိုင်တယ်လို့ ဗြိတိသျှ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
အဲဒီ ဓါတ်ပုံတွေထဲမှာ ဓါတ်ခဲတခု၊ ဗုံးဆန် အစအနတွေနဲ့ စနက်တံလို့ ယူဆရတဲ့ အရာတခု အပါအဝင် သွေးစွန်းကွက်နေတဲ့ ဗုံးအစအနတွေ ပါဝင်ပါတယ်။
ဖောက်ခွဲမှုမှာ သုံးခဲ့တဲ့ ဗုံးဟာ အထိုက်အလျောက် ခေတ်မီဆန်းပြားတဲ့ ဗုံးဖြစ်တယ်လို့ ဓါတ်ပုံတွေက ပြနေကြောင်းThe New York Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။
အခုလို သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တာနဲ့ ပတ်သက်လို့ ကြာသပတေးနေ့မှာ ကျင်းပမယ့် နေတိုး ထိပ်သီးညီလာခံမှာ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့တဲ့အခါ ပြောမယ်လို့ သိရပါတယ်။












