ကာတာ အဆင်မပြေမှု လေကြောင်းခရီးစဉ်တွေ ထိခိုက်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
ကာတာနိုင်ငံနဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအကြား ဆက်ဆံရေး အကြီးအကျယ် မပြေမလည်ဖြစ်မှုကြောင့် ဒေသတွင်း လေကြောင်း သွားလာမှုခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်လာနိုင်မယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
ကာတာနိုင်ငံဟာ IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင်တွေ အပါအဝင် ဂျီဟာ့ဒ် အုပ်စုတွေကို ထောက်ခံအားပေးနေတယ် ဆိုပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ နိုင်ငံ၊ အီဂျစ်နဲ့ တခြားနိုင်ငံတွေက ကာတာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်လိုက်ကြပါတယ်။
ကာတာအစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက လေကြောင်းကုမ္ပဏီတွေက ကာတာနိုင်ငံ ဒိုဟာမြို့ကို သူတို့လေယာဉ်တွေ ပျံသန်းတော့မှာ မဟုတ်ပဲ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ခရီးသည်တင် ဧရာမ လေကြောင်း ကုမ္ပဏီကြီး ဖြစ်တဲ့ ကာတာ လေကြောင်းပိုင် လေယာဉ်တွေကိုလည်း ဆော်ဒီ အာရေဗျ လေကြောင်းပိုင်နက်ထဲ ဖြတ်သန်း ပြေးဆွဲခွင့် ပိတ်ပင်လိုက်ပါတယ်။
တခါ ကာတာနိုင်ငံနဲ့ ကပ်ရက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ နယ်စပ်တွေကိုလည်း ဆော်ဒီ အစိုးရက ပိတ်လိုက်တဲ့အတွက် အဲဒီမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။








