တီဟီရန် တိုက်ခိုက်မှုတွေထဲ လူ ၁၂ ဦး သေဆုံး
အီရန်နိုင်ငံ တီဟီရန် မြို့တော်မှာ သေနတ်ပစ် ဗုံးခွဲ တိုက်ခိုက် မှုတွေကြောင့် လူ ၁၂ ဦး သေဆုံး သွားပါတယ်။ ပါလီမန် အဆောက်အဦးနဲ့ လက်ရှိ အီရန် နိုင်ငံကို တည်ထောင်ခဲ့တဲ့ အာယာတိုလာ ခိုမေနီရဲ့ ဂူဗိမာန်တို့မှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေလို ဝတ်ဆင်ပြီး ရုပ်ဖျက်ထားတဲ့ သေနတ်သမားတွေ ပါလီမန်ထဲ ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီရန် ပြည်တွင်း မီဒီယာတွေရဲ့ အဆိုအရ လုံခြုံရေးတွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်သမား တွေလည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။ ပါလီမန်ကို လုံခြုံရေးတွေက ဝိုင်းထားပြီး အဝင်အထွက်တွေ ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။
အဲဒီမှာ တိုက်ခိုက်မှု ဖြစ်ပြီး မရှေးမနှောင်းမှာပဲ လက်ရှိ အီရန် အစ္စလာမ်မစ် နိုင်ငံကို တည်ထောင်သူ အယာတိုလာ ခိုမေနီရဲ့ ဂူဗိမာန်မှာလည်း တိုက်ခိုက် ခံခဲ့ ရပါတယ်။
တိုက်ခိုက်သူဟာ အမျိုးသမီး ဖြစ်ပြီး လူ ၁ ယောက်ကို ပစ်သတ် ခဲ့ပြီးတဲ့နောက် သူ့ကိုယ်သူ အသေခံ ဗုံးခွဲ သွားခဲ့ပါတယ်။
အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS က တီဟီရန် တိုက်ခိုက်မှု တွေဟာ သူတို့ရဲ့ လက်ချက်လို့ ပြောပါတယ်။ ကိုရင်မောင် က ပြောပြမှာပါ။