ရှားလော့စ်ဗေးလ်မှာ ရုတ်ရုတ်သဲသဲ ဆက်ရှိနေ

ရှားလော့စ်ဗေးလ်
ဓာတ်ပုံ ပုံစာ, "ရှက်ဖွယ် ရှက်ဖွယ်" ဆိုပြီး အအော်ခံရ
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စု ၊ ရှားလော့စ်ဗေးလ်မြို့မှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ စနေနေ့တုန်းက ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲ ဂယက်တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လူဖြူကြီးစိုးရေး လက်ကျာစွန်းဝါဒီ တို့နဲ့ အသားရောင် ခွဲခြားမှုကို ဆန့်ကျင် သူတွေကြား ကိုယ်ထိ လက်ရောက် ရိုက်ကြနှက်ကြနဲ့ ထိပ်တိုက် တွေ့ခဲ့ကြရုံတင်မက လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံး ခဲ့ရပြီးတဲ့ နောက်တစ်ရက်မှာလည်း မြို့ထဲ မငြိမ်မသက် ဖြစ်နေပါတယ်။

လက်ျာစွန်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဂျေဆင်ကက်စ်လာ ဆိုသူက ရှားလော့စ်ဗေးလ် မြို့တော် ခန်းမရဲ့ လှေကားထစ်တွေပေါ် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ကြိုးစား နေတုန်း ဘေးကလူ အများက ဝိုင်းဝန်း အော်ဟစ် ရှုတ်ချကြ၊ တားဆီးကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပွဲပျက် သွားပါတယ်။

"ရှက်ဖွယ် ရှက်ဖွယ်" ဆိုပြီး ဘေးက လူအုပ်က ကက်စလာကို ဝိုင်းအော်ပြီး ရှုတ်ချ နေကြသလို ဟွန်းသံတွေ အဆက်မပြတ် မှုတ်နေတာကြောင့် ကက်စ်လာတစ်ယောက် ကောင်းကောင်း စကားပြောလို့ မရတော့တဲ့ အခြေအနေထိ ဆိုက်ခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်သေ၊ ၁၉ ယောက် ဒဏ်ရာရခဲ့တဲ့ ရှားလော့စ်ဗေးလ်မြို့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်လည်း အတိုက်အခံတွေရဲ့ ဝေဖန်မှုကိုသာမက ပါတီတွင်းမှာပါ အဝေဖန် ခံနေရပါတယ်။

အကြမ်းဖက် လုပ်ရပ်တွေကို ဘက်ပေါင်းစုံက ကျူးလွန်နေတယ်လို့ ထရမ့်က ပြောခဲ့တဲ့ အတွက်၊ လက်ျာစွန်း လှုပ်ရှားမှု အပေါ် အတိတကျ ရည်ညွှန်း ပြောဆိုဖို့ ထရမ့် ပျက်ကွက်ခဲ့တယ် ဆိုပြီး ဝေဖန် နေကြတာပါ။

သမ္မတ မဲဆွယ်ပွဲကာလ ကတည်းက ထရမ့်ဟာ ကေသုံးလုံး ဂိုဏ်းလို အမုန်းတရား လှုံ့ဆော်တဲ့ လူဖြူကြီးစိုးရေးဂိုဏ်းကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ တုန့်နှေးခဲ့တဲ့ သာဓကလည်း ရှိခဲ့ပြီး၊ အခု ရှားလော့စ်ဗေးလ် ဖြစ်ရပ်မှာလည်း ထရမ့်ရဲ့ ပြောဆိုမှုဟာ လက်ျာစွန်းသမားတွေကို ဦးတည် ပြောတာ မဟုတ်ဘူး ဆိုတဲ့ အချက်အပေါ် ရီပတ်ဘလစ်ကင်တွေရော၊ ဒီမိုကရက်တွေပါ စိတ်မသက်မသာ ဖြစ်နေကြပါတယ်။