မောင်တောမှာ စိတ်ကြွဆေးပြား ၂ သန်း နီးပါး ဖမ်းမိပြန်

လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၁,၈၀ဝ,ဝ၀ဝ ကျော်ကို လူတဦးနဲ့ အတူ ဖမ်းမိခဲ့ပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ပါဝင်တဲ့ အဖွဲ့ဟာ မောင်တောမြို့နယ် ဇူလရွာကနေအိမ် တအိမ်ကို သတင်းအရ မနေ့က ညနေ ၄ နာရီလောက်မှာ ဝင်ရောက် ရှာဖွေရာကနေ ယာဘ ဆေးပြားတွေ ဖမ်းဆီးမိခဲ့တာပါ။
ဒီဖမ်းဆီးရမှုနဲ့ ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကို ဘီဘီစီက မေးကြည့်ရာ ဇူလရွာနေ အဆော့ဒူလာရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့ တန်ဖိုးဟာ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ထိ တန်ဖိုးရှိတယ်လို့သိရပါတယ်။ ဒီဆေးပြားတွေကို မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ် ဒေသတွေကနေ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်အထိ မှောင်ခိုလမ်းကြောင်းတွေက တဆင့် သယ်ယူလာတာ ဖြစ်ပါတယ်။
ဒီဆေးပြားတွေကို တဖက်ကမ်းမှာ ရှိတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်မယ်လို့ ယူဆရတယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STATE COUNSELLOR OFFICE INFORMATION COMMITTEE
လွန်ခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း သိန်းပေါင်း ၁,၅၆၀ ဖိုးတန်ဖိုးရှိတဲ့ ယာဘာစိတ်ကြွဆေးပြား ၇၈,ဝ၀ဝ ကို အဲဒီဒေသမှာ ဖမ်းဆီးမိခဲ့ပါတယ်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောဒေသဟာ ဘင်္ဂလာဒေ့ရှ်ကို ယာဘာစိတ်ကြွဆေးပြားတွေကို သယ်ယူတဲ့ လမ်းကြောင်းဖြစ်နေတာကြောင့် သန်းနဲ့ ချီရှိတဲ့ စိတ်ကြွဆေးပြားတွေကို မကြာခဏ ဖမ်းမိလေ့ရှိပါတယ်။








