တောင်မြောက် အမေရိကကို မုန်တိုင်းတိုက်ခတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အာမာ ဟာရီကိန်းမုန်တိုင်းဟာ မကြာခင်မှာ ကျူးဘားနိုင်ငံကို ဝင်ရောက်တော့မှာ ဖြစ်ပြီး ကျူးဘားကို ရောက်ရှိလာချိန်မှာ မုန်တိုင်းပြင်းအားဟာ နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဟာဗားနားပြည်နယ်အပါအဝင် ဒေသအသီးသီးမှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးတပ်လှန့်ထားပါတယ်။ ဟာရိကိန်း အာရ်မာရဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးတွေလန်ထွက်ပြီး သစ်ပင်တွေပြိုလဲကြပါတယ်။ လျှပ်စစ်ဓာတ်ကြိုးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
သေဆုံးသူ စာရင်းကို အခုထိ မကြားသိရသေးပါဘူး။ မုန်တိုင်းဟာ အခုအခါ အဆင့်သုံးလို့ သတ်မှတ်ထားပေမယ့် ပြန်လည် အားကောင်းပြင်းထန်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ဟာလည်း မုန်တိုင်း အဖျားခတ်ခံနေရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်က်စကော့ ကတော့ ဖလော်ရီဒါကို တနာရီကို ကီလိုမီတာ ၂၀၀ နှုန်းရှိတဲ့ လေပြင်းတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
ဖလော်ရီဒါမှာလည်း အိမ်ပေါင်းထောင်ဂဏန်းများစွာမှာ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ ဖလော်ရီဒါ လူဦးရေရဲ့ သုံးပုံတပုံနီးဖြစ်တဲ့ လူပေါင်း ၆ သန်းကို နေအိမ်စွန့်ခွာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထားပါတယ်။
ကာရစ်ဘီယန် ဒေသမှာ အာရ်မာမုန်တိုင်းကြောင့် အနည်းဆုံးလူ ၂၂ ယောက်သေဆုံးခဲ့ပါတယ်။ ဗြိတိသျှ ဗားဂျင်းကျွန်းစုပေါ်က တော်တိုလာ မှာလည်း လူ ၅ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီမှာ အိမ်ပေါင်းများစွာဟာ မုန်တိုင်းနဲ့ ပျက်စီးလွင့်ပါသွားခဲ့ပြီး လှေတွေဟာလည်း ၆ မီတာမြင့်တဲ့ လှိုင်းလုံးကြီးတွေကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့ကြပါတယ်။








