မန္တလေးဘေးဟိုတယ် ပစ်ခတ်မှု လူ ၅ဝ အနည်းဆုံး သေဆုံး

လာ့စ်ဗေးဂတ်စ်မြို့ လေဟာပြင် ဂီတပွဲတစ်ခုမှာ လူတွေ အစုလိုက် အပြုံလိုက် သေနတ်နဲ့ အပစ်ခံခဲ့ရလို့ အနည်းဆုံး အယောက် ၅ဝ သေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာ ရသွားပါတယ်။
လာ့စ်ဗေးဂတ်စ် မြို့ခံ တစ်ယောက် ဖြစ်တဲ့ အသက် ၆၄ နှစ် အရွယ် စတီဖင် ပက်ဒေါ့ ဆိုသူက မန္တလေးဘေးဟိုတယ် ရဲ့ ၃၂ ထပ် အမြင့်ကနေ လေဟာပြင် ဂီတပွဲ ပြုလုပ်နေတဲ့ နေရာဆီ ချိန်ရွယ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားလည်း အဲဒီ ဟိုတယ်မှာပဲ တာဝန်ရှိသူတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး သွားပါတယ်။
အဲဒီနေရာက သေနတ် အလက် အမြောက်အများလည်း တွေ့ခဲ့ရပါတယ်။
အခု ပစ်ခတ်မှုဟာ လတ်တလော အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ် အနေနဲ့ သတ်မှတ် နိုင်ပါတယ်။
သေဆုံး ထိခိုက် သူတွေနဲ့ မိသားစုတွေ အတွက် အင်မတန် ဝမ်းနည်း ကြေကွဲရတယ် ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

တစ်ကိုယ်တော်ကျူးလွန်
ဒီ ပစ်ခတ်မှုကို ကျူးလွန်သူဟာ တစ်ကိုယ်တော် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ရဲ အရာရှိ လွန်ဘားဒိုးက ပြောပါတယ်။
သေနတ်သမားနဲ့ အတူ အစောပိုင်းတုန်းက အတူ ခရီးသွားလာ ခဲ့တဲ့ အမျိုးသမီး မာရီလို ဒန်လီ ဘယ် နေရာမှာ ရှိနေသလဲ ဆိုတာကိုလည်း ရဲတပ်ဖွဲ့က သိရှိ ထားပြီးပြီလို့လည်း ရဲအရာရှိ လွန်ဘားဒိုးက ဆိုပါတယ်။
ဒဏ်ရာ ရထားသူတွေထဲက ၁၄ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံ ဆေးရုံရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့
အခင်းဖြစ်ရာမှာ ကိုယ်တိုင် ရှိနေခဲ့သူတွေရဲ့ အဆိုအရ သေနတ်သမားဟာ အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်သံတွေ ထွက်လာပြီးမှာ လူတွေ ရာပေါင်းများစွာ ထွက်ပြေး ခဲ့ကြပြီး၊ လူမှု ကွန်ရက်တွေပေါ် ရောက်လာတဲ့ ဗီဒီယိုတွေထဲ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်နေသံတွေကို အချိန် အကြာကြီး ကြား နေရပါတယ်။
လာ့စ်ဗေးဂစ်မြို့ရဲ့ ဟိုတယ်တွေ၊ ကာစီနို လောင်းကစားရုံတွေ စုဝေးတည်ရှိရာ နေရာ တလျှောက်ကို ရဲက ပိတ်ထားပါတယ်။
လာ့စ်ဗေးဂတ်စ်မြို့မှာ ကန်းထရီးမြူးဇစ် ဂီတပွဲတော် အဖြစ် ပြီးခဲ့တဲ့ သောကြာ နေ့ကတည်းက ဟိုတည် အများအပြားမှာ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ် သေနတ်ကိုင်ခွင့် ပေးထား
အမေရိကန် ပြည်နယ်တွေထဲ အခင်းဖြစ်ရာ လာ့စ်ဗေးဂတ်စ်မြို့ ရှိတဲ့ နီဗားဒါး ပြည်နယ်ဟာ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်မှု မရှိဆုံး ပြည်နယ် ဖြစ်ပါတယ်။
နီးဗားဒါးမှာ ဆိုရင် လူတွေ လက်နက်ကိုင်ဆောင်ခွင့် ပေးထားသလို၊ သေနတ်ပိုင်ရှင် အဖြစ် မှတ်ပုံတင်ဖို့လည်း မလိုအပ်ပါဘူး။
သေနတ် ဝယ်ယူတဲ့အခါ နောက်ခံ သမိုင်းကို စစ်တာမျိုး လုပ်ပေမယ့်၊ သေနတ် ပိုင်ရှင်တွေ အနေနဲ့ ကိုယ့်သေနတ်ကိုယ် ပြန်ရောင်း ပိုင်ခွင့်လည်း ပေးထားပါတယ်။













