Las Vegas သေနတ်သမားရဲ့ အိမ်မှာ နောက်ထပ် လက်နက်တွေ တွေ့

Las Vegas, shooting

ဓာတ်ပုံ ရင်းမြစ်, PADDOCK FAMILY

ဓာတ်ပုံ ပုံစာ, သေနတ်သမား Stephen Paddock
ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ တကယ့်ကို ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ ထရမ့်က ဖေါ်ညွှန်းပြောကြားလိုက်ပါတယ်။

အစောပိုင်းတုန်းက အိမ်ဖြူတော်ကနေ လူထုကို မိန့်ခွန်းပြောစဉ်မှာ သမ္မတထရမ့်က ကျန်ရစ်သူ မိသားစုတွေ ခံစားနေရတဲ့ သောကဝေဒနာတွေအကြောင်း အဓိကထား ပြောသွားခဲ့ပြီး နိုင်ငံတဝှမ်း တစည်းတလုံးတည်း ရှိကြဖို့ ပန်ကြားသွားခဲ့ပါတယ်။

သေဆုံးသွားသူတွေအတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော် အလံတွေကို တဝက်လွှင့်ထူဖို့ကိုလည်း ညွှန်ကြားခဲ့ပြီး မနက်ဖန် ဗုဒ္ဓဟူးနေ့ကျရင် Las Vegas မြို့ကို သူကိုယ်တိုင် သွားရောက်မယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားစဉ်တုန်းက စင်မြင့်ပေါ်မှာ သီဆိုဖျော်ဖြေနေတဲ့ အဆိုတော် Jason Aldean က ပျော်စရာ ညအလှကို ခံစားဖို့ ဂီတ ဖျော်ဖြေပွဲလာသူတွေ အခုလို ဖြစ်ခဲ့ရတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာပြောရမှန်းတောင် မသိဖြစ်ခဲ့ရပြီး အတော့်ကို နာကျင် ကြေကွဲ မိရတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကျေးလက်ဂီတ ဖျော်ဖြေပွဲ လာသူ လူအုပ်ကြီးကို သေနတ်သမား Stephen Paddock က သူ့ဟိုတယ်ခန်းပြူတင်းပေါက်ကနေ ဘာ့ကြောင့် အခုလို ပစ်ခတ်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ အခုချိန်ထိ မသိရသေးပါဘူး။

သူ့ညီဖြစ်သူရဲ့ အပြောအရတော့ အငြိမ်းစား စာရင်းကိုင် တဦးဖြစ်တဲ့ Stephen Paddock ဟာ ဘာသာရေး ကိုင်းရှိုင်းသူလည်းမဟုတ်၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်သူလည်း မဟုတ်သလို စစ်ဘက်ဆိုင်ရာ နောက်ကြောင်းလည်း မရှိပဲ သွေးဆူ ရန်လိုတတ်သူလည်း မဟုတ်ဘူးလို့ သိရပါတယ်။

သူ့ဟိုတယ်ခန်းထဲကို ရဲတွေ စီးနင်းဝင်ရောက်ချိန်မှာ Stephen Paddock သူ့ကိုသူ သတ်သေသွားခဲ့ပါတယ်။

သူ့ဟိုတယ်ခန်းထဲမှာ သေနတ် ၁၀လက် တွေ့ခဲ့ပါတယ်။

ရဲတွေက ရှာဖွေ စစ်ဆေးမှုတွေ အလျင်အမြန် လုပ်ခဲ့ရာမှာ သူ့ရဲ့ နေအိမ်နဲ့ နောက်အိမ်တခုမှာ နောက်ထပ် သေနတ် ၁၈လက်၊ ဖောက်ခွဲပစ္စည်းတွေနဲ့ ကျည်ဆံတွဲတွေ ထောင်နဲ့ချီ တွေ့ခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားရဲ့ လက်ချက်နဲ့ ကျေးလက် ဂီတ ဖျော်ဖြေပွဲလာသူ အနည်းဆုံး ၆၀နီးပါး သေဆုံးခဲ့ပြီး လူ ၅၀၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီလို သေနတ်ပစ်ခတ်မှု အဖြစ်ဆိုးမျိုးတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပေမယ့် အခုဒီတခေါက်ကတော့ အမေရိကန်နိုင်ငံသမိုင်းမှာ လူအသေအပျောက် အများဆုံး သေနတ်ပစ်ခတ်မှုကြီးဖြစ်ပါတယ်။

အခုအခါ အမေရိကန်နိုင်ငံမှာ လူတွေကို သေနတ်နဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်တဲ့ ဓလေ့ဟာ ကပ်ရောဂါဆိုးကြီးတခုလို ပျံ့နှံ့လာနေပြီလို့ Las Vegas မြို့ကနေ ဘီဘီစီ သတင်းထောက် James Cook က သုံးသပ်ထားပါတယ်။