လာ့စ်ဗေးဂတ်စ် သေနတ်သမားရဲ့အကြောင်း သူ့ချစ်သူက ဘာပြောလဲ

ပြီးခဲ့တဲ့ တနင်္ဂနွေက လူ ၅၈ ဦးသေဆုံးစေခဲ့တဲ့ လာ့စ်ဗေးဂတ်စ် သေနတ်သမားရဲ့ ချစ်သူ မာရီလို ဒန်လီက အေးအေး ဆေးဆေးနေတတ်ပြီး ကြင်နာဂရုစိုက်တတ်တဲ့ သူ့ချစ်သူ ပက်ဒေါ့ရဲ့ ပစ်ခတ်မှုအစီအစဉ်ကို သူမအနေနဲ့ သိထားတာမရှိဘူးလို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ကနေ စတီဗင်ပက်ဒေါ့ဟာ လျှို့ဝှက်စွာနေထိုင်တတ်သူတစ်ဦးလို့ မပြောဆိုခင်နာရီပိုင်းအလိုမှာ သူမက ပက်ဒေါ့နဲ့ ပက်သတ်ပြီး အခုလိုမှတ်ချက်ပေးခဲ့တာပါ။
ပက်ဒေါ့ဟာ သူ့ကိုယ်သူ ပစ်သတ်ပြီး သတ်သေမဲ့အစား လွတ်မြောက်အောင်လုပ်ဖို့ အကြံအစည်ရှိခဲ့ပုံရတယ်လို့ ရဲတပ်ဖွဲ့ကပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိခဲ့ပါဘူး။
မစ္စဒန်လေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖက်ဒရယ် ဗြူရို စုံစမ်းထောက်လှမ်းရေး အဖွဲ့ (အက်ဖ်ဘီအိုင်) ကို ပြောစရာ စကားလုံးမရှိအောင် ဆိုးရွားကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတစ်ခုပါပဲလို့ ပက်ဒေါ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထိတ်လန့်တကြား ပြောဆိုခဲ့ပါတယ်။
ပက်ဒေါ့ဟာ သူမကို တခုခုလုပ်မယ်လို့ တစုံတရာပြောဆိုခဲ့ခြင်းမရှိခဲ့တာဟာ တခုခုဖြစ်လာတော့မယ့် သတိပေးမှုတခုလို့ မစ္စဒန်လေအနေနဲ့ နားလည်ထားကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားတာကို သူမရဲ့ ရှေ့နေက ပြန်လည်ပြောဆို ခဲ့ပါတယ်။
လာ့စ်ဗေးဂတ်စ် သေနတ်သမား စတီဗင်ပက်ဒေါ့ဟာ သူ့ရဲ့ အတူနေချစ်သူ မာရီလို ဒန်လေကို လွန်ခဲ့တဲ့ နှစ်ပတ် ကတည်းက သူမ မိသားစုရှိရာ ဖိလစ်ပိုင်နိုင်ငံကို သွားလည်ဖို့ လက်မှတ် လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အက်ဖ်ဘီအိုင်ရဲ့ မေးမြန်းမှုတွေကိုဖြေဆိုဖို့ လော့စ်အိန်ဂျလိစ်ကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပက်ဒေါ့ဟာ ဖိလစ်ပိုင်ကိုရောက်နေတဲ့ မစ္စဒန်လေဆီကို အမေရိကန်ဒေါ်လာတစ်သိန်းကိုလည်း ဒီပစ်ခတ်မှု မတိုင်ခင်မှာ လွှဲပေးထားခဲ့ပြီး သူမကတော့ ဒါဟာ အိမ်ဝယ်ဖို့ ပေးတာလို့ ပြန်လည်ရှင်းလင်း ပြောဆိုထားပါ တယ်။
အမေရိကန်ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဒီလေဟာပြင် ဖျော်ဖြေရေးပွဲကို ပစ်ခတ်ခဲ့တာနဲ့ ပက်သတ်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ အခုချိန်ထိ မဖော်ထုတ်နိုင်သေးပါဘူး။












