လူကိုရန်ပြုတဲ့ စပါးအုံးမြွေကြီး ဟင်းအိုးထဲရောက်

snake

ဓာတ်ပုံ ရင်းမြစ်, HANDOUT

ဓာတ်ပုံ ပုံစာ, သတ်ထားတဲ့ စပါးအုံးမြွေကြီးကို ရွာထဲမှာ ပြ
ရေးသားခဲ့သည်။

အင်ဒိုနီးရှားက ရွာတရွာမှာ ဧရာမ စပါးအုံး မြွေကြီး တကောင်ကို ဒေသခံ လုံခြုံရေး အစောင့်က သတ်ဖို့ ကြိုးစားရာမှာ မြွေကြီးနဲ့ ဘတပြန် ကျားတပြန် သတ်ပုတ်ကြရင်း မြွေကြီးက သူ့လက်မောင်းကို အသေခဲထားတဲ့ ကြားက ရွာသားတွေ အကူအညီနဲ့ မြွေကြီးကို အသေ သတ်ခံနိုင်ခဲ့ပါတယ်။

အဲဒီ လုံခြုံရေး အစောင့်က ရောဘတ် နာဘာဘမ်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဆူမားထရား ကျွန်းပေါ်က စားအုန်းဆီ ခြံတခြံထဲမှာ ဒီမြွေကြီးနဲ့ မထင်မှတ်ဘဲ ပက်ပင်း တိုးခဲ့ပါတယ်။

မြွေကြီးက ကားလမ်းပေါ်မှာ ပိတ်နေတော့ ရွာသားတွေက ခရီးမဆက်နိုင် ဖြစ်နေပါတယ်။

ဒီမှာ လုံခြုံရေး အစောင့် နာဘာဘမ်း ရောက်လာပြီး ၂၆ ပေ လောက်ရှည်တဲ့ မြွေကြီးကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီနောက် သူနဲ့မြွေကြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ရွာသားတွေ အကူအညီနဲ့ အဲ့ဒီမြွေကြီးကို သတ်နိုင်ခဲ့ပါတယ်။

မစ္စတာ နာဘာဘမ်းဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပေမယ့် အသက် အန္တရာယ် မရှိဘူးလို့ သိရပါတယ်။

ဒီ စပါးအုံးမြွေကြီးကို လူတွေ မြင်အောင် ပြသထားပြီး နောက်မှာ မြွေကြီးကို အပိုင်းပိုင်းခုတ်ထစ်ပြီး ချက်စားလိုက်ကြပါတယ်။

မြွေဟင်း စားရတဲ့ ရွာသားတယောက်ကတော့ အင်မတန် အရသာ ရှိတယ်လို့ ပြောပါတယ်။

ကြီးမားလှတဲ့စပါးအုံး မြွေကြီးတွေဟာ အင်ဒိုနီးရှားမှာ အမြဲမြင်တွေ့နေရ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားမှာ ဒီလို စပါးအုံး မြွေကြီးတွေ ပေါတယ်

မစ္စတာနာဘာဘမ်းဟာ အင်ဒိုနီးရှား သတင်းဌာန တခုကို " သူ့ကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ကျွန်တော်ရဲ့ လက်တွေကို ပြန် ပေါက်ခဲ့ပါတယ်။ သူနဲ့ နပမ်းလုံးနိုင်ဖို့ ကြိုးစားခဲ့ရတယ် " လို့ ဧရာမ မြွေကြီးကို ဘယ်လို တိုက်ခိုက်ခဲ့ တယ် ဆိုတာကို ပြန်လည် ပြောဆိုခဲ့ပါတယ်။

မတ်လတုန်းကလည်း အင်ဒိုနီးရှားက ဒေသခံတဦး အခုလိုပဲ မြွေကြီးတစ်ကောင် နဲ့ တိုးခဲ့ပေမယ့် နာဘာဘမ်းနဲ့ မတူဘဲ မြွေကြီး ဗိုက်ထဲ ရောက်သွားခဲ့ပါတယ်။