ဇနီးကို ကားမောင်း သင်ပေးတဲ့ဓာတ်ပုံ အပေါ် ဆော်ဒီတချို့ ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, BADUGHAISH / TWITTER
အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတယ်ဆိုပြီး ဆော်ဒီဘုရင် ဆယ်လ်မန်က ခွင့်ပြုခဲ့တဲ့နောက်ပိုင်း ၃ ရက်အကြာမှာတော့ အမျိုးသား တဦးဟာ သူ့ရဲ့ ဇနီးဖြစ်သူကို ကားမောင်းသင်ပေးနေတုန်း Selfie ဓာတ်ပုံရိုက်ပြီး Twitter လူမှုကွန်ယက်ပေါ်ကို တင်ခဲ့ပါတယ်။ အဲဒီပုံဟာ တွစ်တာသုံးစွဲတဲ့ ဆော်ဒီတွေ အကြားမှာ ငြင်းခုံစရာဖြစ်လာခဲ့တာပါ။
ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီမှာ နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာသုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Faisal BaDughaish နဲ့ သူ့ဇနီးတို့ဟာ ကားပါကင်တနေရာကနေ အဲဒီပုံကို တင်ခဲ့တာပါ။
တွစ်တာပိုစ့်မှာတော့ ' ကျွန်တော့်ဇနီးကို ကားပါကင်မှာ အန္တရယ်ကင်းကင်းနဲ့ ယာဉ်တိုက်မှု မဖြစ်စေဘဲ ကားရပ်နားစေနည်းကို အခုသင်ပေးနေတာပါ။ ဥပဒေရဲ့ အကျိုးကို လက်တွေ့အသုံးချနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်တယ်' လို့ ရေးထားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပိုစ့်ကို တင်ပြီးနောက်မှာတော့ ပိုစ့်မှာ ထောင်နဲ့ချီတဲ့ Tweet လုပ်မှုတွေ ရှိခဲ့တာကို ကြည့်ရင်ပဲ ကားမောင်းခွင့် ပေးခဲ့တာကိုက ဆော်ဒီ လူမှု့အသိုင်းအဝိုင်းအကြား ဘယ်လောက် ငြင်းခုံစရာဖြစ်နေသလဲဆိုတာကို ပြသနေတာပါ။
တချို့ကဆိုရင် Mr. BaDughaish ရဲ့ သူ့ဇနီးမျက်နှာ ပေါ်နေပုံကို တင်ထားတာကို သဘောမကျ လက်မခံနိုင်ဘူးလို့ ရေးသားထားကြပါတယ်။
ခင်ဗျား အမျိုးသမီးရဲ့ မျက်နှာကို ဖော်ပြတာကို ခင်ဗျား စိတ်ကသိကအောက် မဖြစ်ဘူးလား ဒါက သူ့ကို ကာကွယ်တာလား ခင်ဗျားက ရှက်စရာပဲ လို့ Bderr1991 ဆိုတဲ့အမည်နဲ့ တွစ်တာသုံးစွဲသူက Tweet လုပ်ရေးသားထားပါတယ်။
ဒါပေမဲ့ တွစ်တာသုံးစွဲသူ အမျိုးသမီး အများစုဟာ ဒီကိစ္စအပေါ် အကောင်းဘက်က ရှူမြင်ပြီး ရေးသားကြပါတယ်။
အများစုက မိသားစုဝင်ထဲက ယောက်ကျားလေးတွေရဲ့ ကားမောင်းသာပေးမှုကို မျှော်လင့်နေကြပါတယ်။
Amal Nadhreen ဆိုတဲ့ အမျိုးသမီးက မနက်ဖြန် ကျွန်မသား အာဇမ်က ကျွန်မကို ကားဘယ်လို မောင်းရသလဲဆိုတာ သင်ပေးလိမ့်မယ်ဆိုပြီး တွစ်တာမှာ ရေးသားထားပါတယ်။
အမျိုးသားတွေထဲက အချို့ကလည်း ဒီကိစ္စကို ကြိုဆိုကြပါတယ်။
ဒါပေမဲ့ အမျိုးသမီးတချို့ကတော့ ဒီလိုကိစ္စတွေဟာ သူတို့မိသားစုအပေါ် ဘုရင်က ထုတ်ပြန်လိုက်တဲ့ ဒီအမိန့်ဟာ မိသားစုအတွင်းမှာ ငြင်းခုံပြောဆိုမှုတွေကိုတော့ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
ကျွန်မသားက ကျွန်မကို ကားမောင်းသင်ပေးမယ်လို့ ကတိပေးထားပေမဲ့ ကျွန်မယောက်ကျားက အဲဒီကိစ္စကို ခွင့်မပြုပါဘူး။ လို့ Julnar ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။ မစ္စတာ Mr BaDughaishနဲ့ သူ့ရဲ့ အမျိုးသမီးဖြစ်သူတို့ကတော့ ဒီဥပဒေကို ဆော်ဒီဘုရင်က ပြင်ဆင်ဖို့ စောင့်ရတာကို စိတ်မရှည်နိုင်လောက်အောင် ဖြစ်ခဲ့တယ်လို့ ဘီဘီစီ အာရဗစ် အစီအစဉ်ကိုပြောပြီး ဒီလို ဆယ်လ်ဖီဓာတ်ပုံတွေက တခြားဆော်ဒီအမျိုးသားတွေက သူတို့ဇနီးတွေနဲ့ ဆွေမျိုးတွေကို ကားမောင်းသင်ပေးဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံဟာ ယခင်က ကမ္ဘာမှာ အမျိုးသမီးတွေကို ယာဉ်မောင်းခွင့် ကန့်သတ်ခဲ့တဲ့ ရှားရှားပါးပါး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပြီး အခု ယာဉ်မောင်းခွင့် ပေးမှုကြောင့် အမျိုးသမီးတွေဟာ လာမဲ့ ၂၀၁၈ ခုနစ် ဇူလိုင်လမှစလို့ စတင်ယာဉ်မောင်းနိုင်တော့မှာ ဖြစ်ပါတယ်။












