လျှို့ဝှက် သတင်းတွေကို မြောက်ကိုရီးယား ထွင်းဖောက် ရယူခဲ့

မြောက်ကိုရီးယား
ဓာတ်ပုံ ပုံစာ, ကင်မ်ဂျုံအွန်းကို လုပ်ကြံမယ့် အစီအစဉ်လည်း ပေါက်ကြား
ရေးသားခဲ့သည်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးဗျူဟာတွေကို ဖော်ပြနေတဲ့ စာရွက်စာတမ်းတွေကို ကွန်ပြူတာ စနစ်ကို ထွင်းဖောက်ပြီး မြောက်ကိုရီးယားဘက်က ခိုးယူ ခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ် လာပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲ ပေါ်ပေါက်လာရင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ ဗျူဟာတွေကို မြောက်ကိုရီးယား ဟက်ကာတွေက ဆိုင်ဘာ တိုက်ခိုက်မှုပြုလုပ်ပြီး ရယူခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကြားသွားတဲ့ လျှို့ဝှက် စီမံကိန်းတွေထဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းကို လုပ်ကြံ သတ်ဖြတ်မယ့် အစီအစဉ်လည်း ပါဝင်နေတယ်လို့ ဆိုပြီး၊ အထူးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ၊ အဓိက စစ်ရေး နေရာတွေကို ဖော်ပြနေတဲ့ စာရွက်စာတမ်းတွေလည်း ခိုးယူ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လိုဘယ်ပုံ ထွင်းဖောက် ခံခဲ့ရတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကာကွယ်ရေး ဌာနက အရာရှိတွေဆီကနေ လက်ခံ ရရှိခဲ့တယ်လို့ တောင်ကိုရီးယား အာဏာရ ရီချောင်ဟီး ပါတီက သူတစ်ဦးက ပြောပါတယ်။

ကွန်ပြူတာ ထွင်းဖောက် တိုက်ခိုက်မှုကို အရင်နှစ်တုန်းက ခံခဲ့ရပြီး လျှို့ဝှက် အချက် အတော်များများ ခိုးယူ ခံခဲ့ရကြောင်း တောင်ကိုရီးယား အစိုးရက ပြီးခဲ့တဲ့ မေလတုန်းက ဝန်ခံ ခဲ့ပေမယ့်၊ ဘယ်လို သတင်း အချက်အလက်တွေ ပါသွားတယ် ဆိုတာကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။

မြောက်ကိုရီးယားကတော့ ဆိုင်ဘာ တိုက်ခိုက်မှု မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။