ပေါလ်နယူးမန်း နာရီ ဒေါ်လာ ၁၈ သန်း နီးပါး နဲ့ စံချိန်တင် ရောင်းထွက်

ဓာတ်ပုံ ရင်းမြစ်, Phillips Auction House
နယူးရော့ခ် က လေလံတင်ပွဲတခုမှာ လက်ပတ်နာရီ တလုံး ကို ဒေါ်လာ ၁၇ သန်း ဂသိန်း နဲ့ စံချိန်တင်ရောင်းထွက်သွားပါတယ်။
နာရီ က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နာမည်ကျော် ဟောလီးဝုဒ မင်းသားကြီး ပေါလ်နယူးမန်း ရဲ့ ဒေတိုနာ ရိုးလက်စ နာရီပါ။
ဖီလစ် လေလံတင် ကုမ္ပဏီ မှာ လေလံပစ်တော့ မပစ်ခင်က ဒေါ်လာတသန်း လောက်ပဲရမယ်မှန်းခဲ့ကြပေမယ့် ဒီနာရီအတွက် လေလံပွဲစလို့ အပြိုင်အဆိုင် စျေးပေးခဲ့ ကြတာ ၁၂ မိနစ်အတွင်းမှာပဲ လက်ပတ်နာရီတွေလေလံတင် တဲ့ သမိုင်းမှာ စျေးအကြီးဆုံးစံချိန်တင် သွားခဲ့တာပါ။
ဝယ်တဲ့သူက အမည်မဖော်ပါဘူး၊ ဖုန်းနဲ့ လှမ်းဆက်ပြီး ဝယ်လိုက်တာ လို့လဲ သိရပါတယ်။
စတီး အိမ် လေးနဲ့ သော့သီး၃ခု ပါတဲ့ ဒီ ရိုးလက်စ နာရီ ကို ပေါလ် နယူးမန်းရဲ့ဇနီး ရုပ်ရှင်မင်းသမီး ဂျိုအန် ဝက်ဝုဒ က ၁၉၆၉ မှာ သူတို့ Winning ဆိုတဲ့ ဇာတ်ကားမှာ ၂ယောက်အတူတူ သရုပ်ဆောင်ကြတုန်း က ဝယ်ပေးခဲ့တာပါ။
ဇာတ်လမ်း ကလည်း ပေါ်နယူးမန်း ဝါသနာ ပြိုင်ကားမောင်းသမား ဇာတ်လမ်း ပါ။
ဂျိုအန်ဝက်ဝုဒ က အဲဒီ နာရီ နောက်ကျော မှာ Drive Carefully Me လို့ စာလုံးလေးတွေ ထွင်းစေခဲ့ပြီးမှ ပေါ်လ် ကို ပေးခဲ့တာပါ။
ပြိုင်ကားသိပ် မောင်းချင်လှတဲ့ သူ့ ကို သတိပေးတဲ့ သဘောလည်း ဖြစ်ပုံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပေါလ်နယူးမန်း က အဲဒီ နာရီ နောက် ဆယ်စုနှစ်တွေ နဲ့ချီပြီး စွဲစွဲမြဲမြဲပတ် ခဲ့ပြီး သူ့ဇနီး ဂျိုအန်ဝက်ဝုဒနောက်ထပ်နာရီ အသစ်တလုံး ဝယ်ပေးတဲ့ ၁၉၈၄ မှာတော့ သူ့ သမီးနဲ့ အဲဒီတုန်း က အတွဲဖြစ်နေတဲ့ ဂျိမ်းကောက်စ ကို လက်ဆောင် ပေးခဲ့ပါတယ်။
ဂျိမ်းက အဲဒီတုန်းက အဲဒီနာရီဟာ သိပ်ကိုထူးခြားတဲ့ဇာတ်လမ်းတွေ ရှိခဲ့တာဆိုတာ သူ မသိလိုက်ခဲ့ပါဘူးတဲ့။
ဂျိုအန်ဝက်ဝုဒ နဲ့ ပေါလ်နယူးမန်း လက်ထပ်တော့ ဒါဟာ ပေါလ် အတွက် ဒုတိယအိမ်ထောင်ဖြစ်ပေမယ့် သူတို့လက်ထပ်ခဲ့တဲ့ ၁၉၅၈ ကနေ ပေါလ်နယူးမန်း ကွယ်လွန်တဲ့ ၂၀၀၈ အထိ သူတို့ စွဲမြဲစွာ ပေါင်းသင်းခဲ့ကြတာပါ။
အခု ဂျိမ်း က သူ အမှတ်မထင်ရခဲတဲ့ ဒီနာရီကို လေလံတင်ခဲ့ပြီးတော့ ရတဲ့အထဲက တချို့ကို ပေါလ်နယူးမန်းတည်ထောင်ထားခဲ့တဲ့ နယူးမန်း အုမ်း ပရဟိတ ဖောင်ဒေးရှင်း ကို ပေးလှူမယ် လို့ ဆိုပါတယ်။












