လူ ၄ သောင်းနေ ကန်ဗီးကျွန်းလေးက ကိုယ်ပိုင် စီမံခန့်ခွဲလို

ကန်ဗီးကျွန်း

ဓာတ်ပုံ ရင်းမြစ်, BBC Sport

ဓာတ်ပုံ ပုံစာ, ကန်ဗီးကျွန်း
ရေးသားခဲ့သည်။

အင်္ဂလန်က လူဦးရေ ၄ သောင်းကျော် လောက် နေထိုင်တဲ့ ကန်ဗီကျွန်းက ဒေသခံတွေကလည်း သူတို့လက် သူတို့ခြေနဲ့ စီမံ ဖန်တီးခွင့် ရလိုတယ် ဆိုပြီး တောင်းဆို လာပါတယ်။

အက်ဆက်စ်နယ် အုပ်ချုပ်မှုအောက်ထဲ သူတို့ကို ထည့်ထားတာကို ကန်ဗီကျွန်းသားတွေ မလိုလားတာ ဖြစ်ပါတယ်။

အက်ဆက်စ် အုပ်ချုပ်မှုကနေ ထုတ်ပြီး သူတို့ကျွန်းအတွက် သီးသန့် အုပ်ချုပ်ရေး ကောင်စီတစ်ရပ် ရှိလာဖို့ မျှော်လင့် နေပါတယ်။

ကန်ဗီကျွန်း လွတ်လပ်ရေး ပါတီ CIIP လို့ နာမည်ပေးထားတဲ့ အဖွဲ့ကို ဦးဆောင်သူဖြစ်တဲ့ ကောင်ဆယ်လာ ဒေ့ဗ်ဘလက်ဝဲလ်က သူတို့ ကျွန်းပေါ်က သူတွေဟာ ကိုယ့်အနာဂတ် အရေး ကိုယ် ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ အခြေအနေမျိုးကို တောင့်တနေတယ်လို့ ဆိုပါတယ်။

ဒါဟာ မိုင်ပေါင်း ၇၀ဝ ဝေးတဲ့ ကက်တလိုးနီးယား ဒေသ ဆီကနေ အင်္ဂလန်ရဲ ကန်ဗီကျွန်း ရှိရာကို ကိုယ်ကြမ္မာကို ကိုယ်ဖန်တီးလိုတဲ့ သဘောထား ပျံ့နှံ့လာတယ်လို့ ပြောနိုင်ပါတယ်။

ကန်ဗီးလွတ်လပ်ရေးအတွက် ဦးဆောင်မယ့် ဒေ့ဗ်ဘလက်ဝဲလ်

ဓာတ်ပုံ ရင်းမြစ်, Empics

ဓာတ်ပုံ ပုံစာ, ကန်ဗီးလွတ်လပ်ရေးအတွက် ဦးဆောင်မယ့် ဒေ့ဗ်ဘလက်ဝဲလ်

အင်္ဂလန် အရှေ့ပိုင်းမှာရှိတဲ့ အက်ဆက်စ်နယ်ထဲက ကန်ဗီးကျွန်းဟာ ၇ . ၁၂ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ကျွန်းဖြစ်ပါတယ်။ ၁၇ ရာစုမှာ အစောပိုင်းမှာဒတ်ချ် အင်ဂျင်နီယာတွေ စတင်အခြေချခဲ့တာပါ။ ကျွန်းရဲ့မြို့ပြကောင်စီဟာ ၁၉၇၄ ခုနစ်မှာ ဖျက်သိမ်းခံရပြီးနောက်မှာတော့ အက်ဆက်စ်နယ် လက်အောက်ခံ ဘိုရိုကာဆယ်ပွိုင့်ကောင်စီရဲ့ အစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။

ကန်ဗီးဟာ အက်ဆက်နယ်နဲ့ ဆက်သွယ်ဖို့ တံတားနှစ်စင်းနဲ့ လမ်းနှစ်လမ်းသာရှိတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

ကောင်စီဝင် ၄၁ ဦးရှိတဲ့ ကာဆယ်ပွိုင့်ကောင်စီက အက်ဆက်စ်နယ်က ကန်ဗီးကျွန်းကို အုပ်ချုပ်တာပါ။ အဲဒီထဲက ၁၅ ဦးကတော့ ကန်ဗီကျွန်း လွတ်လပ်ရေး ပါတီက ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ သီးသန့် ကောင်စီ ရမလာရင်တောင် တန်းတူညီမျှရှိတဲ့ ဒီမိုကရေစီ စနစ်မျိုးရဖို့ လိုလားတာပါ။ ကောင်စီဝင်အရေအတွက်မှာ ညီတူမျှတူရမယ်ဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရပါပြီ လို့ ဒေ့ဗ်ဘလက်ဝဲလ်က ပြောပါတယ်။