နယူးယောက် တိုက်ခိုက်မှုကို IS တွေ ညွှန်ကြားတဲ့အတိုင်း ကျူးလွန်တာဖြစ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ လူ ၈ ယောက် သေဆုံးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ လူအုပ်ထဲ ထရပ်ကားနဲ့ ဝင်တိုက်ခဲ့သူဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ဝင်တွေ အွန်လိုင်းပေါ် တင်ထားတဲ့ အမိန့်ပေး လမ်းညွှန်ချက်တွေအတိုင်း ပြုမူခဲ့တာ ဖြစ်တယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ပြီး ညတွင်းချင်း စုံစမ်းချက်တွေအရ ဆိုင်ဖူလို ဆိုင်ပေါဗ်ဟာ အခုလို တိုက်ခိုက်မှု ကျူးလွန်ဖို့ သီတင်းတချို့ အချိန်ယူပြီး ပြင်ဆင်ခဲ့တာကို တွေ့ရတယ်လို့ နယူးယောက် ရဲဌာနရဲ့ ပြောခွင့်ရ ဂျွန်မေလာက ဆိုပါတယ်။
တိုက်ခိုက်မှုတွေ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုပြီး လူမှုကွန်ရက်တွေပေါ် IS တွေ တင်ထား တာတွေအတိုင်း လိုက်လံ ပြုမူခဲ့တာ ဖြစ်တယ် လို့လည်း ဂျွန်မေလာက ပြောပါတယ်။

အမေရိကန်ထဲ ရွှေ့ပြောင်း နေထိုင်တဲ့ ဥဇဘက်နွယ်ဖွား ဆိုင်ဖူလို ဆိုင်ပေါဗ်ကို ရဲက ပစ်ခတ် ဖမ်းဆီး ခဲ့ပြီး အခုဆို ဆေးရုံတင် ထားပါတယ်။
သူ့ကို ရဲက စစ်ဆေးနေတုန်းမှာလည်း ဆိုင်ဖူလို ဆိုင်ပေါဗ်ဟာ သူ့ရဲ့ လုပ်ရပ်တွေ အတွက် ဂုဏ်ယူကြောင်း ပြောဆို နေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။
အခင်းဖြစ်ရာမှာ တွေ့ရှိရတဲ့ စာတစ်စောင်ထဲ IS အဖွဲ့ ထာဝရ အဓွန့် ရှည်နေမယ်လို့ ရေးသား ထားတယ် ဆိုပြီး နယူးယောက် ရဲတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။
အခုလို နယူးယောက်မြို့ ဖြစ်ရပ် အပါအဝင် အလားတူ တိုက်ခိုက်မှုတွေ ကျူးလွန်သူတွေကို အမြန်ဆုံး ကြီးလေးတဲ့ ပစ်ဒဏ်တွေ ချမှတ်ဖို့ သမ္မတထရမ့်က တိုက်တွန်း နေပါတယ်။
အမေရိကန် နိုင်ငံထဲ အခြေချ နေထိုင်ခွင့်ကို မဲဖောက် ပေးတဲ့ DV အစီအစဉ် ရပ်နားဖို့ ကွန်ဂရက်စ် လွှတ်တော်နဲ့ကြား ညှိနှိုင်း ဆောင်ရွက်မယ်လို့လည်း သမ္မတ ထရမ့်က ပြောနေပါတယ်။
ဆိုင်ဖူလို ဆိုင်ပေါဗ်ဟာ DV အစီအစဉ်နဲ့ အမေရိကန်ထဲ ရောက်လာသူ ဖြစ်ပါတယ်။













