စစ်တပ်က ထိန်းချုပ်ထားတဲ့ ဇင်ဘာဘွေမှာ ပြည်သူတွေ အောင်ပွဲခံနေ

ဓာတ်ပုံ ရင်းမြစ်, EPA
ဇင်ဘာဘွေမှာ သမ္မတမူဂါဘီ ခေတ်ကုန်ပြီ ဆိုတဲ့ ဝန်းကျင်အနေအထားမျိုး ကို သူ့ပြည်သူတွေ ခံစားနေကြရနေတဲ့ပုံပါ။
စနေနေ့က စခဲ့တဲ့ လူထု ဆန္ဒပြပွဲတွေမှာ သောင်းနဲ့ချီတဲ့ လူအုပ်တွေ မြို့တော် ဟာရာရီ က လမ်းမတွေ ပေါ်ထွက်လာခဲ့ကြတယ်။
နိုင်ငံကို စစ်တပ်ကထိန်းချုပ်ထားပြီး လမ်းတွေပေါ်မှာ သွားနေတဲ့ စစ်ကားတွေ၊ တင့်ကားတွေ ပေါ်က စစ်သားတွေကို လူတွေ က သူတို့ လိုလားချက်တွေ ကိုဆောင်ယူ လာကြတဲ့သူတွေလို အားရဝမ်းသာ နှုတ်ဆက် ခဲ့ကြပါတယ်။
ဆန္ဒပြသူတချို့ က သမ္မတအိမ်တော်ဝင်း အထိ ရောက်လာကြပြီး သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။
သူတို့ထဲက အမျိုးသမီးတယောက်က သူ့ကလေးတွေ ရဲ့ လွတ်မြောက်ရေး အတွက် သူဒီနေရာကိုလာခဲ့တယ်လို့ ဆိုပါတယ်။
အတိုက်အခံ ခေါင်းဆောင် မော်ဂန်ချန်ဂရိုင်း ကလည်း အဲဒီ သမ္မတအိမ်တော်ဝင်းရှေ့ က လူစု လူဝေး ကို မိန့်ခွန်းတွေ ချွေခဲ့ပြီး လူတွေကလည်း သူ့ကို အားပေးခဲ့ကြပါတယ်။
စစ်တပ် က ဒီ ဆန္ဒပြပွဲတွေကို သွေးစည်းညီညွတ်ရေး ချီတက်ပွဲတွေ လို့ သဘောထားထားပြီး စည်းကမ်းရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသမျှ၊ အမုန်းတရားတွေမလှုံဆော်သမျှ၊ ဒီ ဆန္ဒပြပွဲတွေကို သူတို့ထောက်ခံမယ်လို့ ပြောထားပါတယ်။
ဇင်ဘာဘွေကိုထိန်းသိမ်းထားတဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ သမ္မတမူဂါဘီ တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံစကားပြောကြဖို့ ရှိတယ်လို့ နိုင်ငံပိုင် ရုပ်သံကနေ ကြေညာထားပါတယ်။
၉၃ နှစ်အရွယ်ရှိပြီး နိုင်ငံကို ၁၉၈၀ ကတည်းက အုပ်စိုးလာခဲ့တဲ့ မူဂါဘီဟာ အာဏာက ဆင်းမပေးဘူးလို့ ကြေညာထားသလို စစ်တပ်ဖက်က လည်း သူအာဏာကနေ ဆင်းပေးဖို့ ဆွဲဆောင်စည်းရုံးပြောဆိုသွားမယ့် ပုံရှိပါတယ်။
စစ်တပ်က သူတို့အာဏာသိမ်းတာ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။
အရင်သီတင်းပတ်အတွင်း က မူဂါဘီဟာ ဒုတိယ သမ္မတ အမ်မာဆန် နန်ဂါဂွာ ကို ရာထူးနေ ထုတ်ပယ် ပစ်ခဲ့ပါတယ်။
ဒါဟာ မူဂါဘီက သူ့မိန်းမလည်းဖြစ် သူ့ထက် လည်း အသက် ၄၀ လောက်ငယ်တဲ့ ဂရေစ့် မူဂါဘီ အတွက် အာဏာပေးဖို့ လမ်းခင်း လိုက်တယ်လို့ လူအများက တွက်ဆခဲ့ကြပါတယ်။
နိုင်ငံကို ကိုလိုနီ လက်အောက် က လွတ်မြောက် အောင် သူနဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ဟောင်းကြီးတွေထဲက ထင်ရှားသူအများလည်း အခုတော့ မူဂါဘီနုတ်ထွက်ဖို့ တောင်းဆိုနေကြပါပြီ။
သူ့ပါတီ ဇနူးပီအက်ဖ ပါတီ ဒေသခွဲ ၁၀ ခုမှာ ၈ ခု က သူ့ကို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးပါပြီ။
အဲဒီ ပါတီ ရဲ့ ဗဟိုကော်မီတီ အစည်းအဝေး လည်း ကျင်းပဖို့ရှိနေပြီး သူ့ကို သမ္မတအဖြစ်နဲ့ ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ဖို့ လုပ်ကြမယ် ဆိုရင်တော့ သမ္မတမူဂါဘီတယောက် နောက်ထပ် ပြင်းလှတဲ့ နိုင်ငံရေး ရိုက်ခတ်မှုကို ထပ် ကြုံရမှာပါ။












