အိန္ဒိယ ဒရုန်းယာဉ် တရုတ်ဘက် ပျက်ကျလို့ဆို

အိန္ဒိယက လွှတ်တဲ့ ဒရုန်းယာဉ် တစင်း တရုတ်ဘက်မှာ ပျက်ကျ တယ်လို့ တရုတ် အစိုးရက ဆိုပါတယ်။
ဘယ်နေရာမှာ ဘယ်အချိန် ပျက်ကျ တယ် ဆိုတာကို တရုတ် ကာကွယ်ရေး ဌာနက သေချာ မပြောပေမယ့် မကြာခင်က ဖြစ်တာ လို့ပဲ ဆိုပါတယ်။
ဒါဟာ တရုတ်ပြည်ရဲ့ နယ်မြေ ပိုင်ဆိုင်မှု အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက်တာ လို့လည်း တရုတ် ဘက်က ပြောပါတယ်။
အိန္ဒိယ ဘက်က တုံ့ပြန်တာတော့ မရှိသေးပါဘူး။
ဒီနှစ် နွေရာသီက ဟိမဝန္တာ တောင်တန်းပေါ်မှာ နယ်မြေ ပိုင်နက် အငြင်းပွားကြပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာပါတယ်။
ဒီနယ်မြေမှာ တရုတ်က ဖြတ်ပြီး လမ်းသစ် ဖောက်ဖို့ စီစဉ်တာက အငြင်းပွားခဲ့ကြတာပါ။
ဒီ ဒရုန်းယာဉ် ကိစ္စ အတွက် တရုတ် တပ်တွေက သက်သေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ် လို့ လည်း တရုတ် စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။
ဒီအတွက် တရုတ်ဘက်က မကျေနပ်မှုနဲ့ ဆန့်ကျင်မှုကို ပြင်းထန်စွာ ဖော်ပြ လိုက်တယ်၊ ဒီအတွက် နိုင်ငံ လုံခြုံရေးကို ဆက်လက် ကာကွယ်သွားမယ် လို့လည်း ဆိုပါတယ်။

အိန္ဒိယ တရုတ်နဲ့ ဘူတန် နယ်စပ် က ဒုတ်လမ် ကုန်းမြင့်ကို ဖြတ်ပြီး တရုတ်က ကားလမ်းကြီး ဖောက်ဖို့ အကြံကို အိန္ဒိယက ကန့်ကွက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ဆိုးလာပါတယ်။
တရုတ်နဲ့ ဘူတန် နှစ်နိုင်ငံလုံးက ဒီကုန်းမြင့် ကို ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြပြီး အိန္ဒိယ က ဘူတန်ဘက်က ထောက်ခံပါတယ်။
ရက်သတ္တပတ်တွေနဲ့ချီ အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြပြီးနောက် သြဂုတ်လမှာ နှစ်ဘက်တပ်တွေ ပြန်ဆုတ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ၁၉၆၂ ခုနှစ်က စစ်ပွဲ ဖြစ်ခဲ့ပြီးနောက် နေရာ တော်တော်များများမှာ နယ်နိမိတ် ကိစ္စ မဖြေရှင်းရသေးတာတွေ ကျန်နေ ပါတယ် ။
ဒီအတွက် ရံဖန်ရံခါ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။












