စိန့်ပီတာစဘတ် တိုက်ခိုက်မှု အချိန်မီတားနိုင်

ရုရှား၊ အမေရိကန်၊ အကြမ်းဖက် တိုက်ခိုက်မှု၊ ထောက်လှမ်းရေး အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Creative Stock

ဓာတ်ပုံ ပုံစာ, စိန့်ပီတာစဘတ်မြို့က ကာဇန်းဘုရားကျောင်းကို တိုက်ခိုက်ဖို့ ကြံစည်
ရေးသားခဲ့သည်။

ရုရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့က ကာဇန်း ဘုရားကျောင်းကို တိုက်ခိုက်ဖို့ ကြံစည်မှုကို CIA အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပေးတဲ့ သတင်း အချက်အလက်တွေကြောင့် ရုရှား လုံခြုံရေး တပ်ဖွဲ့က အချိန်မီ တားဆီးလိုက်နိုင်ခဲ့တယ်လို့ အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်တွေက ပြောပါတယ်။

IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကို ထောက်ခံအားပေးတဲ့ မြေအောက် အဖွဲ့တဖွဲ့က အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ဖောက်ခွဲပစ္စည်းတွေ လက်နက်တွေ အတော်များများနဲ့ အစွန်းရောက် စာရွက်စာတမ်းတွေ သိမ်းဆည်း မိခဲ့တယ်လို့ ရုရှား လုံခြုံရေးအဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီအဖွဲ့ဟာ စနေနေ့တုန်းက ကာဇန်း ဘုရားကျောင်းနဲ့ နောက်တခြား နေရာတွေမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ လုပ်ပြီး ရုရှားပြည်သူတွေကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ကို ဖုန်းဆက် ပြောခဲ့တယ်လို့ အိမ်ဖြူတော်ကရော ကရမ်မလင် နန်းတော်ကပါ အတည်ပြု ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့် အနိုင်ရအောင် ရုရှားအစိုးရ ပါဝင်စွက်ဖက်ခဲ့တယ်လို့ CIA အပါအဝင် အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေက ယုံကြည်နေကြတာပါ။

ဒါပေမဲ့ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန် ပါတီကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ရုရှားနဲ့ ပူးပေါင်း ကြံစည်တယ် ဆိုတဲ့ ကိစ္စကို သမ္မတထရမ့်က ငြင်းချက်ထုတ်ထားပေမယ့် နှစ်နိုင်ငံ အပြုသဘော ပူးပေါင်း ဆောင်ရွက်ဖို့က အရေးပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

မနေ့က သူတို့နှစ်ဦး ဖုန်းဆက် စကားပြောတာ သီတင်းတပတ်အတွင်း ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းကလည်း မြောက်ကိုရီးယား အကြောင်း သူတို့နှစ်ဦး ဆွေးနွေး ခဲ့ကြပါသေးတယ်။

အခု ဒီလို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဟာ ရုရှား အမေရိကန် အတူလက်တွဲဆောင်ရွက်ရာမှာ အပြုသဘော ဆောင်တဲ့ စံနမူနာ တခု ထွက်ပေါ်လာနိုင်တယ် ဆိုတာကို ဖေါ်ပြနေကြောင်း ဖုန်းထဲမှာ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ် ဆိုင်ရာ သတင်း အချက်အလက်တွေကို ရုရှား အထူး ထောက်လှမ်းရေး အဖွဲ့ကလည်း အမေရိကန် အထူးထောက်လှမ်းရေး အဖွဲ့ကို လွှဲပြောင်း ပေးပါ့မယ်လို့ သမ္မတ ပူတင်က သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စိန့် ပီတာစဘတ်မြို့က မြေအောက်ရထားလိုင်းမှာ ပေါက်ကွဲမှု တခု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂျီဟာ့ဒ် ဝါဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရပါတယ်။

ဆီးရီးယားကနေ စစ်သွေးကြွတွေ ပြန်ရောက်လာတာဟာ ရုရှားနိုင်ငံ အတွက် တကယ့် အန္တရာယ်ကြီး ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၁၈ခုကို လုံခြုံရေးအဖွဲ့က ကြိုတင် တားဆီးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ရုရှား လုံခြုံရေး အဖွဲ့အကြီးအကဲက အင်္ဂါနေ့က ပြောခဲ့တယ်လို့ အီတာ တာ့စ် ရုရှားသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။