အဆိုတော် Elton John နယ်လှည့် သီချင်းဆိုတာ ရပ်တော့မယ်

နာမည်ကျော် အဆိုတော် Elton John က သူ့မိသားစု၊ ကလေးတွေနဲ့ အတူတူ အချိန်ကြာကြာ ပိုနေနိုင်ဖို့ နယ်လှည့် သီချင်းဆိုတာတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။
လာမယ့် ၃နှစ်တာ ကာလအတွင်း ဂီတဖျော်ဖြေပွဲ ၃၀၀လောက် ဆက်တိုက်လုပ်ပြီး သူ့ပရိသတ်တွေကို နှုတ်ဆက်စကား ပြောသွားမယ်လို့ အယ်လ်တန် ဂျွန်က နယူးယောက်မြို့မှာ ပြောခဲ့ပါတယ်။
သတင်းတွေမှာ ဖေါ်ပြနေသလို ကျန်းမာရေး မကောင်းလို့ အနားယူတာ မဟုတ်ဘူးလို့ အယ်လ်တန် ဂျွန်က ငြင်းဆိုသွားခဲ့ပြီး ဖျော်ဖြေပွဲ ၃၀၀လောက် လုပ်နိုင်တယ် ဆိုရင် နေမကောင်းတာ ဘယ်ဖြစ်နိုင်တော့မလဲလို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်အတွင်းမှာ အယ်လ်တန် ဂျွန်ဟာ ဂီတပွဲပေါင်း ၁၀၀နီးပါးလောက် သီဆို ဖျော်ဖြေခဲ့ပါတယ်။
အဲဒီတုန်းက တောင်အမေရိက နယ်လှည့် ဂီတခရီးစဉ်အတွင်း ဘက်တီးရီးယား ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့အတွက် အယ်လ်တန် ဂျွန်ဟာ လာ့စ် ဗေဂါ့စ်နဲ့ ကယ်လ်ဖိုးနီးယားမှာ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ဂီတပွဲ ၉ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
အယ်လ်တန် ဂျွန်ဟာ ဓါတ်ပြားခွေပေါင်း သန်း၃၀၀ကျော် ရောင်းခဲ့ရပြီး ကမ္ဘာပေါ်မှာ ပရိသတ် အတောင်းဆိုဆုံး စင်မြင့်ဂီတ ဖျော်ဖြေသူ တဦး ဖြစ်ပါတယ်။
အယ်လ်တန် ဂျွန်ရဲ့ Tiny Dancer၊ Candle in the Wind၊ Benny and the Jets၊ Your Song စတဲ့ သီချင်းတွေက ပရိသတ်တွေအကြား နာမည်ကြီး လူကြိုက်များကြပါတယ်။
အခု လာမယ့် တနင်္ဂနွေနေ့ကျရင် ကျင်းပမယ့် Grammy Awards ဆုပေးပွဲကြီးမှာ အယ်လ်တန် ဂျွန်ဟာ အမေရိကန် အဆိုတော် မိုင်လီ ဆိုင်းရပ်စ်နဲ့ စုံတွဲ ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။












