တာလီဘန်တို့က လူနာအရေးပေါ်ယာဉ်ကို ကားဗုံးလို သုံးပြီး တိုက်ခိုက်လို့ လူပေါင်း ၉၅ ယောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန်မှာ အရေးပေါ်လူနာတင်ယာဉ် ကို ကားဗုံးအဖြစ် သုံးပြီး လူတွေ ကြားမှာ စနေနေ့ ဒေသစံတော်ချိန် နေ့လယ် ပိုင်းလောက်မှာ ဖောက်ခွဲခဲ့လို့ အနည်းဆုံး လူ ၉၅ ယောက် သေဆုံးကာ နောက်ထပ် လူပေါင်း ၁၅၈ ယောက်လည်း ဒဏ်ရာရခဲ့ကြပါတယ်။
တာလီဘန်တွေ က အရေးပေါ်လူနာတင်ယာဉ်တစင်းမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ်ထည့်ခဲ့ပြီးတော့ ကဘူးလ်မြို့တော်တွင်းက လုံခြုံရေးတင်းကျပ်တဲ့ဇုန် တခုထဲ ရောက်ဖို့ ရဲ ကင်းဂိတ်တခုကို ဖြတ်ပြီး ဝင်ခဲ့ကြပါတယ်။
အဲဒီဇုန်ထဲမှာ က အစိုးရ ရုံးတွေ၊ သံရုံးတွေ၊ ဆေးရုံတွေ ရှိပါတယ်။
ရဲကင်းဂိတ် ကို ဖြတ်တော့ သူတို့ က အဲဒီနား ဆေးရုံကို အရေးပေါ် လူနာ သွားပို့မလို့ လို့ ဆိုပြီး ဖြတ်သွားနိုင်တာပါ။
ဒုတိယ ရဲကင်းဂိတ်အရောက်မှာ တော့ ဗုံးတွေကို ခွဲချပစ်လိုက်တာပါ။
စနေနေ့က ရက်အား ဖြစ်တာကြောင့် အဲဒီဧရိယာ မှာ စျေးသွားစျေးလာတွေနဲ့လည်း စည်ကားနေတတ်တဲ့နေရာပါ။
ဗုံးတွေကွဲတဲ့နေရာနဲ့ မီတာအနည်းငယ် အကွာက အိမ်ထဲမှာရှိနေခဲ့တဲ့ လွှတ်တော်အမတ် မာဝတ်စ် ရာဆီနီ က အိမ်ပြင်ကို ထွက်လည်း ကြည့်လိုက်ရော အလောင်းတွေ အတုံးအရုန်း ပါပဲလို့ ဆိုပါတယ်၊ လူမဆန် လွန်းတဲ့လုပ်ရပ်လို့လည်း သူ က ဘီဘီစီ ကို ပြောပါတယ်။
၁ ကီလိုမီတာ အဝေးမှာ ရှိနေခဲ့တဲ့ လူတယောက် က သူမီးလုံးကြီးတခု ကို မြင်လိုက်ရပြီး မျက်လုံးတွေ ပြာဝေကာ ခဏလောက် ဘာမှ ကို မမြင်နိုင်တော့ပါဘူးတဲ့၊ တဖြည်းဖြည်း နီးလာတဲ့အခါမှာတော့ လူသေအလောင်းတွေ ပြန့်ကျဲနေတာ တကယ့်ကို ကြောက်စရာလန့်စရာပါ၊ အဲဒီ ဧရိယာ တခုလုံး ပျက်ဆီး သွား တာပါပဲလို့ ပြောပြပါတယ်။
အခုလို အရေးပေါ်လူနာတင်ကား မှာ ဗုံးတွေ တင်ပြီး လူတွေ ကို သတ်ဖြတ်ခဲ့တာ ကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC ကလည်း ရှုတ်ချသလို ဒါ နိုင်ငံတကာ လူသားချင်းစာနာရေး ဆိုင်ရာ ဥပဒေတွေ ကို ချိုးဖောက်တာ လို့ ဆိုပါတယ်။
တာလီဘန်တို့ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုံးကလည်း ကဘူးလ် က ဟိုတယ်ကြီးတခုကို တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၀ ကျော်သေကြခဲ့ရပါတယ်။
နယူးရောက်ခ် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ပက်ထရစ်ရှာ ဂေါ့စ်မန်း က ဒီသီတင်းပတ်တွေအတွင်းအလွန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ကို ကြုံခဲ့ရပြီ၊ အခုလည်း သူတို့ က ပြည်ထဲရေး ဝန်ကြီးဌာန ရုံးကို ပစ်မှတ်ထားတယ်လို့ ပြောတယ်၊ တကယ်မှာတော့ အရပ်သားတွေအများကြီးရှိတဲ့လမ်း မှာ ဖြစ်ခဲ့တာ၊ အရပ်သားတွေ ကို ပစ်မှတ်ထားနေတာ၊ ဒီစစ်ပွဲထဲမှာ အရပ်သားတွေ ရဲ့အသက်တွေအများကြီး ဆုံးရှုံးရတာ လို့ ပြောပါတယ်။












