တရုတ် သုက်ပိုးဘဏ်ရဲ့ စည်းကမ်းသစ်

ဓာတ်ပုံ ရင်းမြစ်, ROMAN PILIPEY
တရုတ်နိုင်ငံမှာ သုက်ပိုးဘဏ်တခုက နေ လှူမယ့်သူတွေအတွက် ထူးဆန်းတဲ့ စည်းကမ်းတခု ချမှတ်ခဲ့ပါတယ်။
အဲဒါကတော့ ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိရမယ်ဆိုတဲ့ စည်းမျဉ်း ဖြစ်ပါတယ်။
အ လှူရှင်ဟာ ဆိုရှယ်လစ် အမိနိုင်ငံကို ချစ်မြတ်နိုးရမယ်လို့ ပီကင်း တက္ကသိုလ် ဆေးရုံရဲ့ ဝီချတ် ဝက်ဆိုက် ထုတ်ပြန်ချက်မှာ ပါပါတယ်။
ကြံ့ခိုင်မှုနဲ့ သုက်ပိုး အရည်အသွေး ပြည့်မီသူတွေကို ဒေါ်လာ ၉ဝဝ လောက် ရှိတဲ့ ဆုကြေး ပေးမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဒီထုတ်ပြန်ချက်ကို သောကြာနေ့ ညနေမှာ လူမှုကွန်ယက်က ဖြုတ်ချ ခဲ့ပါတယ်။
အသက် ၂ဝ က ၄၅ နှစ်အတွင်း အမျိုးသားတွေမှာ မျိုးရိုးလိုက်တဲ့ရောဂါ၊ ကူးစက်နိုင်တဲ့ ရောဂါတွေ မရှိရဘူးလို့လည်း ပါရှိပါတယ်။
နောက် အမြင်အာရုံ ချို့ယွင်းတာ၊ ဆံပင်ကျွတ်တာနဲ့ ကိုယ်အလေးချိန် ပြဿနာတွေလည်း မရှိရဘူးလို့ သတ်မှတ်ပါတယ်။
သင့်လျော်ဖွယ် ရှိတဲ့ နိုင်ငံရေး အရည်အချင်း ရှိရမယ်လို့လည်း ရေးထားပါတယ်။
သုက်အလှူရှင်ဟာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုကို ထောက်ခံရမယ်၊ ပါတီကို သစ္စာရှိပြီး ဥပဒေလေးစားရမယ်၊ နိုင်ငံရေး ပြဿနာ မရှိရဘူးလို့လည်း ပြဋ္ဌာန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆေးရုံက သုက်အလှူရှင်ရဲ့ နိုင်ငံရေးကို ဘယ်လို စစ်ဆေးမယ် ဆိုတော့ သေချာ မသိရပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဒီသတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ ယူဆရင် အဆင်ပြေပါတယ် လို့ပဲ ဆေးရုံက ဆရာဝန် တယောက်က ပြောပါတယ်။
သမ္မတ ရှီဂျင်းပင် လက်ထက် ကွန်မြူနစ်ပါတီဟာ တရုတ် လူ့အဖွဲ့အစည်းကို ထိန်းချုပ်မှု ပိုကြိုးစားလာပါတယ်။
တရုတ်ပြည်က တခြား သုက် ဘဏ်တွေမှာတော့ ဒီလို ပါတီကို ရိုသေဖို့ တောင်းဆိုတာ မတွေ့ရပါဘူး။
တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်အဆို အရ တနိုင်ငံလုံးမှာ သုက်ပိုးဘဏ် ၂၃ ခုပဲ ရှိပြီး အများစုမှာ သုက်ပိုးတွေ ပြတ်တောက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BOBBY YIP
၂ဝ၁၅ နောက်ပိုင်း တရုတ်ပြည်မှာ တအိမ်ထောင် ကလေးတယောက်မူကနေ ဖြေလျှော့ပေးပြီးနောက် သုက်လှူမယ့်သူကို လိုက်ရှာတာ ပိုများလာပါတယ်။
ဖခင်ဖြစ်သူက မျိုးမအောင်တာ၊ မျိုးရိုးလိုက်တဲ့ ရောဂါတွေ ရှိတာတွေကို သက်သေပြနိုင်ရင် သုက်ပိုးဘဏ်က အကူအညီ ယူနိုင်ပါတယ်။
ဒီကြော်ငြာကို တရုတ် လူမှုကွန်ယက်တွေမှာ လှောင်ပြောင်နေကြပါတယ် ။
တယောက်က ဆိုရင် သုက်ကစပြီး ပါတီကို ချစ်ပါလို့ ဆိုပါတယ်။
နောက်တယောက်ကတော့ ဒီလိုအပ်ချက်ကို ကလေးဆီ ပေးလို့မရဘူးလို့ ဝေဘို ဆိုက်မှာ ရေးပါတယ်။














