ကမ္ဘာမှာ အစပ်ဆုံး ငရုတ်

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
ကမ္ဘာမှာ အပူဆုံး အစပ်ဆုံး ငရုတ်သီး ဘယ်မှာ ရှိတယ် ထင်ပါသလဲ။ အိန္ဒိယ မှာ မဟုတ်ပါဘူး။
အမေရိကန်မှာပါ။
ဒီငရုတ်သီးမျိုးကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကမှ အမေရိကန် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မျိုးစပ် ဖန်တီးခဲ့တာ ဖြစ်ပြီး အစပ်ဆုံး ငရုတ်သီး စာရင်းကို ၂ဝ၁၃ မှာ ဝင်ပါတယ်။
ဒီငရုတ်က ထွက်တဲ့ ဓာတ်ဟာ ကင်ဆာ တိုက်ဖျက်ရာမှာ အာနိသင် ရှိတာ တွေ့လို့ တီထွင်သူက သူ့ယာခင်းက ထွက်တဲ့ ငရုတ်တဝက်ကို ကင်ဆာ သုတေသန အတွက် လှူပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
အမေရိကန် နိုင်ငံ နယူးယော့ ပြည်နယ်က ငရုတ်သီးစား ပြိုင်ပွဲမှာ လူတယောက် ဒီ ကယ်ရိုလိုင်းနား ရီပါ ဆိုတဲ့ ငရုတ်ကို တတောင့်လေး စားမိပြီး ဆေးရုံရောက်သွားပါတယ်။
သူ့ခေါင်းထဲမှာ မိုးခြိမ်းသလို ခေါင်းကိုက်တယ် လို့လည်း ၃၄ နှစ် အရွယ် အမျိုးသားက ဆိုပါတယ်။
စားပြီးပြီးချင်း မဖြစ်ဘဲ နောက်ရက်တွေမှ သေလောက်အောင် ခေါင်းကိုက်တာပါ။
ဒီလို မိုးကြိုးပစ်သလို ခေါင်းကိုက်တာဟာ ဦးနှောက်သွေးကြောတွေ ရုတ်တရက် ကျဉ်းကုန်လို့ ဖြစ်ပါတယ်။
ဒါမျိုး ငရုတ်သီးစားပြီး ဖြစ်ရင် ချက်ချင်း ဆေးရုံပြေးဖို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
ဒီလို ဖြစ်ရပ်မျိုး ခုမှ ပထမဆုံး ကြုံရတယ် လို့လည်း ဗြိတိသျှ ဆေးသိပ္ပံ ဂျာနယ်က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ငရုတ်သီး စားပြီးပြီးချင်း ဒီအမျိုးသား ရင်တွေ တုန်လာပါတယ်။
နောက်နေ့တွေမှာ အကြီးအကျယ် ဇက်ကြောတက်ပါတယ်။ ခေါင်းလည်း ဆိုးဆိုးရွားရွား ကိုက်ပါတယ်။
မခံနိုင်လို့ ဆေးရုံ အရေးပေါ် ကုသဆောင်ကို ရောက်သွားပါတယ်။
အာရုံကြော စစ်တဲ့ ကိရိယာတွေနဲ့ အမျိုးစုံ စမ်းသပ်ပေမယ့် ဘာ လက္ခဏာမှ မတွေ့ရပါဘူး။
နောက်ဆုံး ဦးနှောက် ဓာတ်မှန် ရိုက်ကြည့်မှ သွေးကြောတွေ အများကြီး ကျဉ်းနေတာကို တွေ့ရပါတယ်။
ဆေးမတည့်လို့ ဖြစ်တဲ့ ဒီလိုရောဂါမျိုး အရင်က တွေ့ဖူးပေမယ့် ငရုတ်သီးကြောင့် ဖြစ်တာ ဒါပထမဆုံး တွေ့တာပါ။

အရင်က လက်တင် အမေရိကက ငရုတ်သီး တမျိုးကြောင့် နှလုံး သွေးကြော ရုတ်တရုက် ကျဉ်းတာ၊ နှလုံးရောဂါ ဖြစ်တာတွေ ရှိဖူးပါတယ်။
ဒီတခါ ဖြစ်တာတော့ သူ့ဘာသာ ပြန်ကောင်းသွားပါတယ်။
နောက် ငါးပတ်လောက်မှာ ဓာတ်မှန် ထပ်ရိုက်တော့ သွေးကြောတွေ နဂိုအတိုင်း ပြန်ဖြစ်တာ တွေ့ရပါတယ်။
ဒီရောဂါမျိုးက သူ့ဘာသာ ပြန်ကောင်းတတ်ပေမယ့် တခါတလေ လေဖြတ်တာမျိုး ရှိတတ်တယ်၊ ရှားတယ် လို့လည်း ဆိုပါတယ်။
ဒါကြောင့် လူတွေ ငရုတ်သီး စားတာ ဂရုစိုက်ဖို့ အမေရိကန် ဆရာဝန်တွေက သတိပေးပါတယ်။












