တကမ္ဘာလုံး အတွက်ပါ သမိုင်းဝင်တဲ့နေ့

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS POOL
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ အတွက်ရော တကမ္ဘာလုံး အတွက်ပါ သမိုင်းဝင်တဲ့နေ့ လို့တောင် ပြောနိုင်ပါတယ်။
ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီး နှစ်ပေါင်း ၆၅ နှစ် ကြာမှ မြောက်ကိုရီးယား ခေါင်းဆောင် တစ်ယောက် တောင်ကိုးရီးယား ပိုင်နက် နယ်မြေထဲ ဝင်ရောက်လာခဲ့တာဖြစ်လို့ ထူးခြားလှပါတယ်။
တောင်ကိုရီးယား ဘက်ကိုလာပြီး သမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုရီးယား စံတော်ချိန် ၈ နာရီခွဲလောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နှစ်နိုင်ငံ စစ်မဲ့ဇုန်က နယ်စပ်မျဉ်းဆီ လမ်းလျှောက်ပြီး ရောက်လာခဲ့ပါတယ်။ တောင်ကိုရီးယား ဘက်မှာလည်း သမ္မတ မွန်ဂျေအင်းက အသင့် စောင့်ကြိုနေပါတယ်။
သွက်သွက်လက်လက် ပြုံးပြုံးရွှင်ရွှင် မျက်နှာထားနဲ့ ကင်ဂျုံအွန်းက အဲဒီနပ်စပ်မျဉ်းမှာ ရပ်၊ မစ္စတာ မွန်ဂျေအင်းကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး နှစ်နိုင်ငံ နယ်မြေပိုင်းခြားထားတဲ့ အုတ်ချပ်ပြားလေးတွေကို ကျော်ဖြတ်လို့ တောင်ကိုရီးယားဘက်ကို ပထမဆုံး ခြေချလိုက်တဲ့ အချိန်က တကယ့်ကို သမိုင်းဝင် အချိန်လို့ ပြောရမှာပါ။
ကင်ဂျုံအွန်း နယ်စပ်ကို ဖြတ်လာတာဟာ အလွန် ရဲဝံ့တဲ့ ဆုံးဖြတ်ချက်လို့ မစ္စတာမွန်ဂျေအင်းက ချီးကျူး ပြောဆို ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIM HEE-CHUL
ပြီးတော့ မထင်မှတ်တဲ့ ဖြစ်ရပ်လေးလည်း ဖြစ်ခဲ့ပါသေးတယ်။ ကင်ဂျုံအွန်းက သမ္မတ မွန်ဂျေအင်းကို လက်ဆွဲပြီး မြောက်ကိုရီးယားဘက်ကိုလည်း ခြေချဖို့ ပြောဆို လက်တွဲ ခေါ်သွားခဲ့တဲ့ အခါ သမ္မတ မွန်ဂျေအင်းက လိုက်သွားခဲ့ပါတယ်။
တကယ်တော့ အဲဒါက ထိပ်သီးဆွေးနွေးပွဲအတွက် အသေးစိတ် အပြန်အလှန် ဆွေးနွေး စီစဉ်ထားခဲ့ကြတဲ့ မူလ အစီအစဉ်မှာ မပါပါဘူး။
ဒါပေမဲ့ ဒါဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် တဘက်နိုင်ငံကို ခြေချတယ်၊ လက်တွဲ ဖြတ်ကျော်ကြတယ်လို့ ပြသတာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဘေးမှာ ရှိနေသူတွေကလည်း ဝမ်းပန်းတသာ လက်ခုပ်တီး ရယ်မော အားပေးခဲ့ကြပါတယ်။
အဲဒီနောက် ခေါင်းဆောင်နှစ်ယောက် တောင်ကိုရီးယားဘက်ခြမ်းက ဆွေးနွေးပွဲ လုပ်မယ့် ငြိမ်းချမ်းရေး ဂေဟာဆီ ဆက်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS POOL
ဆွေးနွေးမယ့် ငြိမ်းချမ်းရေးဂေဟာဆီ အသွားမှာ တောင်ကိုရီးယား ရိုးရာ ဂုဏ်ပြု ကိုယ်ရံတော် တပ်ဖွဲ့တွေက နိုင်ငံတော် သီချင်းတွေ တီးမှုတ် ကြိုဆို ခဲ့ကြပြီး ခေါင်းဆောင် နှစ်ယောက်က ကော်ဇော်နီ ပေါ်မှာ ယှဉ်တွဲ လျှောက်ခဲ့ကြပါတယ်။
ထိပ်သီးဆွေးနွေးပွဲ အစမှာ ကင်ဂျုံအွန်းက သူ့အနေနဲ့ ဒီကနေ့ ဆွေးနွေးမှု အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အပြုသဘောဆောင်တဲ့ ရှေ့ ဆက်လှမ်းနိုင်မယ့် ဆွေးနွေးမှု ဖြစ်ပေါ်စေဖို့ မျှော်လင့်ရင်း ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်ကြဖို့ ကင်ဂျုံအွန်းက ပြောပါတယ်။
သမ္မတ မစ္စတာမွန်ဂျေအင်းကလည်း အခုဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေး ဆောင်ကျဉ်းနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ကိုရီးယားလူမျိုးတွေနဲ့ ငြိမ်းချမ်းရေး လိုလားနေကြတဲ့ တကမ္ဘာလုံးက လူတွေ ကို လက်ဆောင်ကြီး တခု အနေနဲ့ ပေးနိုင်မယ့် သဘောတူညီချက် ရနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားတာပါ။
သူတို့ ဆွေးနွေးကြတဲ့ အခါမှာလည်း ငြိမ်းချမ်းရေးကိစ္စ၊ နျူကလီယား လက်နက်တွေ ကိစ္စတို့ကို အဓိကထား ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အပြီး ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီယာ လုံးဝ ကင်းစင်ရေး ကိုဆက်လက် ဆောင်ရွက်ဖို့ သဘောတူညီကြောင်း ကြေညာချက်ကို နှစ်နိုင်ငံ ပူးတွဲလက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS / POOL
ပထမဆုံး တရားဝင် ဆွေးနွေးပွဲ အပြီးမှာ ခေါင်းဆောင် နှစ်ယောက်က ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံ စစ်မဲ့ဇုန်မှာ ထင်းရှူးပင်နဲ့တူတဲ့ အမြဲစိမ်း သစ်ပင် တစ်ပင်ကို ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် စိုက်ပျိုးခဲ့ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြပေမယ့် မြောက်ကိုရီးယားကတော့ မလွှင့်ခဲ့ပါဘူး။
ဒါ့အပြင် ကင်ဂျုံအွန်းက သူ့ဇနီး ရီဆိုလ်ဂျူ ကို အများ ပြည်သူနဲ့ ဆက်ဆံရေးမှာ ပိုမို နေရာပေးလာတာ တွေ့ရလို့ ဒီကနေ့ တွေ့ဆုံပွဲမှာ အခန်းကဏ္ဍ တခုက ပါဝင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ခေါင်းဆောင် နှစ်ယောက် စလုံးရဲ့ ဇနီး တွေကို မတွေ့မြင်ခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Pool
ညနေပိုင်း ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ အထိမ်း အမှတ် နိုင်ငံတော် အဆင့် ညစာစားပွဲမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဇနီး တက်ခဲ့ပါတယ်။
ညစာစားပွဲ မတိုင်ခင်မှာ ရိုးရာ တေးဂီတတွေ၊ ကလေးငယ်တွေရဲ့ အကတွေနဲ့ ဖျော်ဖြေ ခဲ့ကြပါတယ်။
ညစာစားပွဲ အပြီးမှာတော့ မစ္စတာ မွန်ဂျေအင်းနဲ့ မစ္စတာ ကင်ဂျုံအွန်းတို့ က သူတို့ ဇနီးတွေနဲ့ အတူ ငြိမ်းချမ်းရေး ဂေဟာ အပြင်ကို ထွက်လာခဲ့ကြပါတယ်။
မီးရောင်မှန်မှိန် ထွန်းထားတဲ့ ဂေဟာရှေ့ မြက်ခင်းပြင်ထဲက စင်မြင့်ပေါ်မှာ စောင့်နေကြတဲ့ ဂီတ ဖျော်ဖြေရေး သမားတွေက ဆီးကြို ဖျော်ဖြေပြီး တနေ့တာ ထိပ်သီး ဆွေးနွေးပွဲ ပြီးဆုံး သွားခဲ့ပါတယ်။














