လက်တွဲဖော်တွေရှာတဲ့ ဝန်ဆောင်မှု Facebook ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Facebook
လူမှုကွန်ရက် Facebookက စိတ်သဘောချင်း တိုက်ဆိုင်တဲ့ လက်တွဲဖော်တွေရှာတဲ့ ဝန်ဆောင်မှုကို ပေးမယ်လို့ ကြေညာပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားမှာ ပြုလုပ်နေတဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညီလာခံမှာ Facebookအမှုဆောင် အရာရှိချုပ် Mark Zuckerbergက အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုဟာ စစ်မှန်တဲ့ ကာလကြာ ဆက်ဆံရေး ရှိတဲ့သူအတွက် ရည်ရွယ်ထားပြီး အပျော်တွဲလိုတဲ့သူတွေ အတွက် မရည်ရွယ်ဘူးလို့ ပြောပါတယ်။
Facebook မှာ လူလွတ်လို့ မှတ်တမ်းတင်ထားတဲ့သူ သန်း ၂၀၀ နီးပါးရှိနေသလို အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးမယ် ဆိုရင် အားလုံးအတွက် အဓိပ္ပာယ်ရှိသွားမယ်လို့ မစ္စတာ Zuckerbergက ပြောပါတယ်။
Facebookက လက်တွဲဖော်တွေရှာတဲ့ ဝန်ဆောင်မှု ပေးနေတဲ့ Tinder ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒါအပြင် အသုံးပြုသူတွေ ကြည့်ရှုထားတဲ့ နောက်ကြောင်း ရာဇဝင်ကို ဖျက်နိုင် တော့မယ်လို့လည်း မစ္စတာ Zuckerbergက ပြောပါ တယ်။
ပြီးခဲ့တဲ့လက သန်းချီတဲ့ Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက် အလက် တွေကို အချက်အလက်တွေသိုမှီးတဲ့ Cambridge Analytica ကုမ္ပဏီက ရရှိခဲ့တယ် ဆိုတဲ့ အရှုပ်တော်ပုံ ပြီးတဲ့နောက် Facebook အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီလို ဖြစ်ရပ်မျိုးတွေ နောင်ဘယ်တော့မှ မဖြစ်အောင် လုံခြုံစေဖို့ လုပ်ဆောင်တာလို့ မစ္စတာ Zuckerbergက ဆိုပါတယ်။
လုပ်ဆောင်မယ့်အထဲမှာ အသုံးပြုသူတွေက Facebookကနေ ကိုယ်ရေး အချက်အလက်တွေ စုဆောင်းတဲ့ အပလီကေးရှင်းနဲ့ တခြားသော ကုမ္ပဏီတွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
Facebookရဲ့ WhatsAppကနေ အုပ်စုလိုက် ဗွီဒီယိုကနေ တဆင့် ဆက်သွယ် စကားပြောနိုင် တော့မှာလို့ ဆိုပါတယ်။
ဓာတ်ပုံတွေကို မျှဝေတဲ့ လူမှုကွန်ရက် Instagramမှာလည်း ဗွီဒီယိုကနေ တဆင့် ဆက်သွယ် စကားပြောနိုင်မှာ ဖြစ်သလို လုံခြုံရေးကို တိုးမြင့်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ နည်းပညာ သတင်းထောက် Rory Cellan-Jonesကတော့ မစ္စတာ Zuckerbergရဲ့ မိန့်ခွန်းအတွက် Facebook အသုံးပြုသူတွေနဲ့ Facebookနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတဲ့ ပရိသတ် ၂ မျိုးရှိတယ်လို့ ဆိုပါတယ်။
စီးပွားရေးသမားတွေကတော့ သူတိုရဲ့ စီးပွားရေး အတွက် ပူပန်နေပေမယ့် Facebook အသုံးပြုသူတွေကတော့ လူမှုကွန်ရက်ကို ယုံကြည်ရမရ မသိကြဘူးလို့ သူက သုံးသပ်ပါတယ်။












