မော်စကို ယာဉ်မောင်းက လူအုပ်ကိုကြောက်လို့ထွက်ပြေးတာလို့ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့ဖလားပွဲ လက်ခံကျင်းပ နေတဲ့ မော်စကိုမြို့မှာ လမ်းဘေး လူသွားလူလာတွေထဲ တိုးဝင်လာခဲ့တဲ့ တက္ကဆီ မောင်းသမားက သူ့ကို လူအုပ်ကြီးက ဝိုင်းသတ်မှာ ကြောက်လို့ ထွက်ပြေး ခဲ့ရတာလို့ ပြောပါတယ်။
ရုရှားနိုင်ငံမော်စကိုမြို့ ရင်ပြင်နီအနီးမှာ ပြီးခဲ့တဲ့စနေနေ့ညက တက္ကစီတစီးဟာ လမ်းသွားလမ်းလာ လူအုပ်အတွင်း ဝင်တိုက်ခဲ့လို့ လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောဆိုမှုအရ ဒဏ်ရာရသူတွေထဲက ၇ ယောက်ဟာ ရုရှားကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လာရောက်အားပေးနေတဲ့ ဘောလုံးဝါသနာရှင်တွေဖြစ်ပြီး မက္ကဆီကန် ဘောလုံးဝါသနာရှင်တွေ ဖြစ်ကြတယ်လို့ ပြောဆိုပါတယ်။
မော်စကိုရဲတွေရဲ့တွေ ပြောဆိုချက်အရ တက္ကစီယာဉ်မောင်းဟာ ၂၈ နှစ်အရွယ် ကာဂျစ်စ္စတန် နိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သူဟာ နာရီ ၂၀ ကျော်ကြာ ယာဉ်မောင်းနှင်ပြီး ၂ နာရီကြာသာ အိပ်ချိန်ရပြီးနောက် တက္ကစီမောင်းနေစဉ် ဘရိတ်နင်းရမှာကို လီဗာကို မှားယွင်း နင်းခဲ့တဲ့အတွက် ခုလိုယာဉ်တိုက်မှု ဖြစ်ရတာလို့ ဆိုပါတယ်။
စီစီတီဗွီနဲ့ ရုရှားမီဒီယာတွေ့မှာ ဖော်ပြချက်အရ တက္ကစီယာဉ်မောင်းဟာ ယာဉ်တိုက်မှုဖြစ်ပွားပြီးချင်း ထွက်ပြေးရာမှာ လူအုပ်ကြီးက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာပဲ ဖြစ်ပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားချိန် မျက်မြင်တွေ့ရှိခဲ့သူ လမ်းသွားလမ်းလာတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယား ဂျီရာနိုဗစ်ချ် Viktoria Geranovich က ယာဉ်ကြောပိတ်ဆို့ချိန်ဖြစ်လို့ ကားတွေတဖြည်းဖြည်းချင်း မောင်းနေချိန်မှာ တက္ကစီယာဉ်မောင်းဟာ ရုတ်တရက်စိတ်လွတ်ပြီး ဖြတ်သွားဖြတ်လာနေတဲ့ လူအုပ်ထဲကို တရှိန်ထိုးမောင်းသွားပုံဟာ လျှပ်ပြက်လိုက်သလို ခံစားရတယ်လို့ ပြောပါတယ်။
ယာဉ်တိုက်ခံရသူတွေထဲ အမျိုးသမီးတွေ အများစု ဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ လူတွေက လာရောက် ကူညီပေးသလို လူနာတင်ယာဉ်တွေလည်း ချက်ခြင်း ရောက်လာပြီး ဆေးရုံကို ခေါ်ဆောင်တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် မြို့ကြီး ၁၁ မြို့မှာ ဇွန်လ ၁၄ ရက်ကနေ လာမယ့် ဇူလိုင် ၁၅ ရက်နေ့အထိ ကျင်းပနေလို့ နိုင်ငံပေါင်းစုံက ဘောလုံးပရိတ်သတ်တွေ ရောက်ရှိနေကြပါတယ်။












