ရုရှား သမ္မတ ပူတင်နဲ့တွေ့မယ်လို့ သမ္မတ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
နေတိုးအစည်းအဝေးအတွက် ဥရောပကို ခရီးသွားတဲ့ အချိန် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့တွေ့မယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
တွေ့မယ့် နေ့ရက်နဲ့ အချိန်ကိုလည်း ကြေညာသွားမှာ ဖြစ်သလို တွေ့မယ့်နေရာ ကတော့ နေတိုးအစည်းအဝေးအပြီး ဖင်လန်မြို့တော် ဟယ်စင်ကီ (Helsinki)မှာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
ရုရှား-အမေရိကန် ဆက်ဆံရေး ပိုမိုကောင်းမွန်ရေးဟာ ပထမဦးစားပေးဖြစ်တယ်လို့ သူက ပြောပါတယ်။
တာဝန်ထမ်းဆောင်တဲ့ နေ့ကတည်းက ရုရှား၊ တရုတ်၊ အားလုံးနဲ့ အတူပူးပေါင်း တာက ကမ္ဘာကြီးနဲ့ အားလုံးအတွက် ကောင်းတာကြောင့် ဥရောပသွားတဲ့ အချိန်မှာ မစ္စတာ ပူတင်နဲ့တွေ့မယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
မစ္စတာ ပူတင်နဲ့ ဆီးရီးယား၊ ယူကရိန်း ပဋိပက္ခတွေကို ဆွေးနွေးချင်တယ်လို့လည်း သူက ဆိုပါတယ်။
အရင်တုန်းက နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတွေမှာ မစ္စတာ ထရမ့်နဲ့ မစ္စတာ ပူတင်တို့ နှစ်ယောက်တည်း သီးသန့် တွေ့ဆုံတာ မရှိပေမယ့် ဒီထိပ်သီးဆွေးနွေးပွဲနဲ့ အပြိုင်ကျင်းပတဲ့ ဆွေးနွေးပွဲတွေ မှာတော့ အတူရှိနေခဲ့ဖူးပါတယ်။
ဗီယက်နမ်မှာကျင်းပတဲ့ အာရှ-ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲနဲ့ အပြိုင်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူတို့ ၂ ဦးနောက်ဆုံး တွေ့ဆုံခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Boltonကတော့ အမေရိကန်နဲ့ ရုရှား သမ္မတတို့ရဲ့ တွေ့ဆုံပွဲက နှစ် နိုင်ငံဆက်ဆံရေး အတွက် ကောင်းမွန်စေမယ်လို့ မော်စကိုမှာ မစ္စတာ ပူတင်နဲ့ တွေ့ဆုံခဲ့စဉ် ထုတ်ပြောခဲ့ဖူး ပါတယ်။
အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိဘူးလို့ ဝန်ခံပြောဆိုခဲ့တဲ့ သမ္မတ ပူတင်က မစ္စတာ Boltonနဲ့ တွေ့ဆုံခဲ့အပြီးမှာ ဆက်ဆံရေး ပြန်ကောင်းလာနိုင်တဲ့ မျှော်လင့်ချက်တွေ ရှိလာနိုင်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
မစ္စတာ Boltonနဲ့ သမ္မတ ပူတင်တို့တွေ့ဆုံခဲ့ပြီးတဲ့နောက် ရုရှားနဲ့ အမေရိကန် သမ္မတတို့ ထိပ်သီးဆွေးနွေးပွဲ အထမြောက်ဖို့ ကြေညာခဲ့ပါတယ်။
သမ္မတထရမ့်ဟာ ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်ကိုလည်း အလည်အပတ် သွားဖို့ ရှိနေပါတယ်။












