အမေရိကန်က သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဖေ့စ်ဘုတ် အကောင့်အတု သုံးဆယ် ပိတ်ပစ်
ကျင်းပတော့မယ် အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်နှောက်နိုင်မယ့် အကောင့် သုံးဆယ်ကျော်ကို ပိတ်ပစ်ဖို့ ဖေ့စ်ဘုတ် ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထဲရေး ဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။
အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ တုန်းကလို ၀င်ရောက် စွက်ဖက်မှုတွေ ရှိလာမှာ စိုးလို့ အခုလို ပိတ်ပစ်ဖို့ ဖေ့စ်ဘုတ် က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် post တစ်သောင်းနီးပါးနဲ့ ကြော်ငြာ ၁၅၀ ကိုလည်း ဖယ်ရှားပစ်ခဲ့တယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။
အခုလို အရေးယူ ဆောင်ရွက်မှုတွေက ထိရောက်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေကြပေမယ့် တချို့ Post အတုတွေဟာ ရုရှား အစိုးရနဲ့ ဆက်စပ်မှု ရှိနေတာ တွေ့ရတယ်လို့ ဖေ့စ်ဘုတ် ကုမ္ပဏီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားကနေ တင်နေတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေဟာ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ အထိ ရောက်ရှိခဲ့တယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။
၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မတိုင်မီနဲ့ အပြီး ဇွန် ၂၀၁၅ ကနေ သြဂုတ် ၂၀၁၇ ကြားမှာ ပို့စ် ၈၀,ဝ၀ဝ ဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာကွန်ရက်ပေါ်မှာ ရှိနေတယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။
ပို့စ် အများစုကတော့ လူမှုရေးနဲ့ နိုင်ငံရေး ဆိုင်ရာမှာ အငြင်းပွားဖွယ် ဖြစ်စေတဲ့ သတင်းစကားတွေ ပါဝင်ပါတယ်။
ဒီပို့စ်တွေကို ရှရှားသမ္မတရုံးဆိုက်ရာ ကရင်မလင်နန်းတော်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတခုကနေ တင်ခဲ့တာလို့ ဆိုပါတယ်။
လူသုံးများတဲ့ အွန်လိုင်းကွန်ရက်တွေဖြစ်ကြတဲ့ ဂူဂဲလ် ဖေ့စ်ဘွတ်ခ်၊ တွစ်စ်တာတွေမှာ ရုရှားရဲ့ လွှမ်းမိုးမှုကို ဆီးနိတ်အောက်လွှတ်တော်က ကြားနာစစ်ဆေးတာ မလုပ်မီ ဖေ့စ်ဘုတ်ကနေ ဒီအချက်အလက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဟီလာရီကလင်တန်ကို ကျော်ပြီး ဒေါ်နယ်ထရမ့်အနိုင်ရခဲ့တဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ လွှမ်းမိုးမှုရှိတယ် ဆိုတာကို ရှရှားဘက်ကတော့ အမြဲ မပြတ် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားက ငွေကြေးထောက်ပံ့ထားတဲ့ အွန်လိုင်းမှာ သတင်းမှားတွေ လှုံ့ဆော်တဲ့ ကွန်ရက်တခုကို ဖေ့စ်ဘုတ်က ဖွင့်ချခဲ့ဖူးပါတယ်။












