ဩဂုတ်လ ၅ ရက် တနင်္ဂနွေ ညဘက် သိသင့်တဲ့ သတင်းတွေ

ဆွစ်
ဓာတ်ပုံ ပုံစာ, ရှေးလေယာဉ်ဖြစ်လို့ ပျံသန်းမှု မှတ်တမ်းတင် ဘလက်ဘောက်ဇ် မပါဘူးလို့ဆို
ရေးသားခဲ့သည်။

ဆွစ်ဇာလန်မှာ ဒုတိယကမ္ဘာစစ်သုံး လေယာဉ်ပျက်ကျလို့ လူ ၂ဝ သေဆုံး

ဆွစ်ဇာလန် နိုင်ငံမှာ စစ်တပ်သုံး ရှေးခေတ် လေယာဉ်ပျံတစ်စင်း ပျက်ကျ ခဲ့လို့ လိုက်ပါလာသူ အားလုံး ဖြစ်တဲ့ စုစုပေါင်း အယောက် ၂ဝ သေဆုံး ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၁၉၃၉ ခုနှစ်ထုတ် Junker 52 လေယာဉ်ဟာ ဆွစ်အဲ့လ်ပ် တောင်တန်းထဲပါတဲ့ ပစ်ဆက်ဂ်နာ တောင်နံရံနဲ့ ဝင်တိုက်ပြီး ပျက်ကျ သွားတာလို့ ဆိုပါတယ်။

ပျက်ကျ ခဲ့တဲ့ လေယာဉ်ဟာ ဆွစ်ဇာလန် တောင်ပိုင်း တစ်ချီနိုကနေ ဇူးရစ်မြို့နားက လေတပ်စခန်းကို ပျံသန်းတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်သုံး အဲဒီလေယာဉ်ကို ဂျေယူ လေကြောင်းလိုင်းက ပြေးဆွဲတာ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အလှကို ခံစားကြည့်ရှုလိုသူတွေ လိုက်ပါ စီးနင်းကြတာ ဖြစ်ပါတယ်။

ယာဉ်အန္တရာယ်
ဓာတ်ပုံ ပုံစာ, ကလေးတွေ ကားတိုက်ခံရလို့ ကျောင်းသားတွေ အုံကြွလာ

ယာဉ်အန္တရာယ် ကင်းရှင်းရေး ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျောင်းသား ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ သီတင်းတစ်ပတ် အကြာမှာတော့ လမ်းအန္တရာယ် ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စတင် ဆောင်ရွက်နေပြီလို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ပြောပါတယ်။

ဆန္ဒပြနေကြသူတွေ အိမ်ပြန်ကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ဆန္ဒပြပွဲတွေ အတွင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့လို့ ဩဂုတ်လ ၈ ရက် တနင်္ဂနွေနေ့မှာ လူ ၅ဝ ဝန်းကျင်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အစိုးရကို ထောက်ခံသူတွေနဲ့ ကျောင်းသား ဆန္ဒပြသမားတွေကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ နှစ်ရက်မြောက် ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုလို့ လူအုပ်ခွဲခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့တုန်းက အရှိန်နဲ့ မောင်းနှင်တဲ့ ဘတ်စ်ကားက ဝင်တိုက်လို့ လူငယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးတို့ သေဆုံး ခဲ့ရတဲ့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အစိုးရဘက်က တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပေးဖို့ ကျောင်းသားတွေ ဆန္ဒပြ လာတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား
ဓာတ်ပုံ ပုံစာ, သမ္မတကို ဗုံးတင်ထားတဲ့ ဒရုန်းတွေနဲ့ ဝင်တိုက်ဖို့ ကြိုးစားခဲ့

ဗုံးတင်ထားတဲ့ ဒရုန်းတွေနဲ့ လုပ်ကြံတာ ခံခဲ့ရတယ်လို့ ဗင်နီဇွဲလားသမ္မတပြော

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုက သူ့ကို ဗုံးတင်ထားတဲ့ ဒရုန်းယာဉ်ပျံနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့သူတွေ အပေါ် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလုပ်ကြံမှုကို ကျူးလွန်သူတွေဟာ ဗင်နီဇွဲလား အတိုက်အခံ လက်ျာအုပ်စု ဖြစ်ပြီး နောက်ကွယ်မှာ ကိုလံဘီယာနဲ့ အမေရိကန် အစိုးရပါ ပူးပေါင်း ပါဝင် နေတယ်လို့ သမ္မတ မာဒူရိုက စွပ်စွဲ ပြောဆို ထားပါတယ်။

ကိုလံဘီယာ အစိုးရကတော့ သမ္မတ မာဒူရိုရဲ့ ပြောဆိုမှုဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဗင်နီဇွဲလား နိုင်ငံ မြို့တော် ကာရာကပ်စ်မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး စစ်သား ၇ ယောက် ဒဏ်ရာ ရရှိသွားပါတယ်။

ရေကြီး
ဓာတ်ပုံ ပုံစာ, မွန်နဲ့ကရင်ပြည်နယ်တွေမှာ ဆက်လက် ရေကြီး

မြန်မာနိုင်ငံ ရေကြီးမှု နောက်ဆုံးရ သတင်း

ချင်းတွင်းမြစ်ရေ အနည်းငယ် ကျသွားပေမယ့် စိုးရိမ်ရေမှတ် အထက် ဆက်ရှိနေပြီး မိုးဆက်ကြီးနေတဲ့အတွက် ကလေးဝ၊ မင်းကင်းနဲ့ ခန္တီးဒေသတွေမှာ ရေပြန်ကြီးလာဦးမယ့် အန္တရာယ် ရှိနေတယ်လို့ အထက် ချင်းတွင်း လူငယ်များ ကွန်ယက်က ဘီဘီစီကို ပြောပါတယ်။

သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာလည်း စိုးရိမ်ရေမှတ် ကျော်နေဆဲ ဖြစ်တဲ့အတွက် မိုးပြန်ရွာပြီး ရေပြန်ကြီးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြသလို၊ လက်ရှိ ရေဘေးဒဏ် ခံရတဲ့ နေရာတွေမှာ သောက်သုံးရေ အခက်အခဲလည်း ဖြစ်နေပါတယ်။

ထိုင်းဗီဇာတုအန္တရာယ်
ဓာတ်ပုံ ပုံစာ, ထိုင်းဗီဇာတုအန္တရာယ်

ထိုင်းဗီဇာတုကြောင့် မြန်မာခရီးသွားတွေ အဖမ်းခံရ

ထိုင်းနိုင်ငံကို သွားရောက်တဲ့ မြန်မာနိုင်ငံသား အယောက် ၁ဝဝ ဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားပါတယ်။

ဗီဇာအတု အသုံးပြုပြီး ဝင်ရောက်လာမှုနဲ့ အဖမ်းခံရတာ ဖြစ်ပါတယ်။

ဗီဇာကို ပွဲစားတွေက တဆင့် ရယူခဲ့တာမှာ အတုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ကိုယ်တိုင် ဗီဇာ လိမ်လည်တာ မဟုတ်တဲ့အတွက် နှစ်ဘက် အစိုးရ ဆက်သွယ် ဆောင်ရွက်ရင် ပြေလည်နိုင်မယ်လို့ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အဖွဲ့ချုပ်ရုံးရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အင်ဒိုမှာ ငလျင်လှုပ်ပြန်ပြီ
ဓာတ်ပုံ ပုံစာ, အင်ဒိုမှာ ငလျင်လှုပ်ပြန်ပြီ

အင်ဒိုနီးရှားမှာ ငလျင်လှုပ်လို့ ဆူနာမီ သတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ လုမ်ဘုတ်ကျွန်းမှာ အင်အားပြင်းထန်တဲ့ ငလျင် သီတင်းတစ်ပတ် အတွင်း နှစ်ကြိမ်မြောက် လှုပ်ခဲ့လာပါတယ်။

ပထမ အကြိမ်တုန်းက အနည်းဆုံး လူ ၁၅ ယောက် သေဆုံး ခဲ့ပါတယ်။ တောင်တက်သမား အယောက် ၅ဝဝ လည်း ပိတ်မိ နေခဲ့လို့ ကယ်ဆယ်ရေးတွေ အသည်းအသန် ဆောင်ရွက် ခဲ့ရပါတယ်။

အခု ဒုတိယ အကြိမ် လှုပ်လာတဲ့ ငလျင်ဟာ ပြင်းအားပမာဏ ၇ ရှိပြီး အခုထက်ထိတော့ သေဆုံး ဒဏ်ရာရ စာရင်း တရားဝင် မသိရသေးပါဘူး။

နောက်ဆက်တွဲ ဆူနာမီ အန္တရာယ် ကြုံလာ ရနိုင်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေ သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။