ဩဂုတ်၁၅ ရက် ဗုဒ္ဓဟူးည အတွက် ထိပ်တန်းသတင်းတွေ

ကာဘူးလ်ဗုံးခွဲမှု အနည်းဆုံး လူ ၄၈ ယောက်သေ
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ပညာရေးစင်တာတစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် အနည်းဆုံး လူ ၄၈ ယောက် သေဆုံးသွားရတဲ့လို့ အာဖဂန် အစိုးရက ပြောပါတယ်။
ဒဏ်ရာရသူ လူပေါင်း ၆ဝ ကျော်လည်း ရှိနေပါတယ်။
ကာဘူးလ် အနောက်ပိုင်း ရှီအာမွတ်ဆလင်တွေ အဓိက နေထိုင်တဲ့ ရပ်ကွက်ထဲက အဲဒီ ပညာရေးစင်တာကို အသေခံ ဗုံးခွဲသမား ဝင်လာပြီး ကျောင်းသားတွေကြားထဲ ဖောက်ခွဲပစ်လိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ ကျူးလွန်တာလဲ ဆိုတာ မသိရေသေးပါဘူး။
အရင်တုန်းကတော့ ရှီအာမွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့က ပြုလုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။

ဂျီနိုအာကြိုးတံတား လမ်းမပြိုကျမှု ကယ်ဆယ်ရေးတွေ ဆက်လုပ်
အီတလီနိုင်ငံမှာ အဝေးပြေးလမ်း ကြိုးတံတားကြီး ဩဂုတ်လ ၁၄ ရက် အင်္ဂါနေ့ တုန်းက ပြိုကျခဲ့အပြီး အပျက်အစီးပုံတွေ အောက်မှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိလိုရှိငြား မျှော်လင့်ချက်နဲ့ ကွန်ကရိ တုံးကြီးတွေကို ကယ်ဆယ်ရေး အဖွဲ့တွေ ဖယ်ရှားနေကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၃၈ဦး သေဆုံးခဲ့ပြီး ၁ဝ ယောက်ကို ခုထက်ထိ မတွေ့ရသေးပဲ ဆက်လက် ပျောက်ဆုံးနေပါတယ်။
အသက်ရှင် ကျန်ရစ်မယ့်သူ တချို့ တွေ့နိုင်မယ်လို့လည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်လို့ ရှာဖွေ ကယ်ဆယ်ရေးတွေ အချိန်လု လုပ်နေကြတယ် ဆိုပြီး ဂျီနိုအာ ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ရီကာဒို ရှိုတို က ပြောပါတယ်။
အီတလီ ဝန်ကြီးချုပ် ဂျိုဆက်ပေး ကွန်တေးကလည်း အီတလီနိုင်ငံ တဝန်းမှာရှိတဲ့ အလားတူ လမ်းတံတားတွေ လုံခြုံ စိတ်ချရမှု ရှိမရှိ ဆိုတာ စစ်ဆေးဖို့ ညွှန်ကြား ထားပါတယ်။

စစ်တွေမှာ စစ်ကားတွေ ကင်းလှည့်နေ
ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားကင်းစခန်းတွေ ချိန်ကိုက် တိုက်ခိုက် ခံခဲ့ရတဲ့ နှစ်ပတ်လည် အချိန်မှာ စစ်တွေ မြို့ပေါ်မှာ လုံခြုံရေးတွေ အကြီးအကျယ် တိုးမြှင့် နေပြီး စစ်တပ်နဲ့ရဲ ပူးပေါင်းထားတဲ့ လှည့်ကင်းတွေ မြို့တော် တခွင် ကားတွေနဲ့ လှည့်ပတ်နေတာ တွေ့နေရပါတယ်။
လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သား စစ်ကားကြီးတွေနဲ့ လှည့်လည် နေကြတာကို မကြုံရစဖူး တွေ့မြင် နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တစ်ဘက်နိုင်ငံထဲ အကြမ်းဖက် သင်တန်း ပေးတာမျိုးတွေ၊ နယ်စပ် စည်းရိုးနားထိ ကပ်လာတာမျိုးတွေ ရှိတယ် ဆိုတဲ့ သတင်းမျိုးတွေ ထွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။
ဘူးသီးတောင် မောင်တော ဒေသမှာလည်း စစ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်း လုံခြုံရေး အင်အား တိုးမြှင့် ချထားနေပြီး အလားတူ ကင်းလှည့်တာမျိုးတွေလည်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar
တစ်ဒေါ်လာစျေး ကျပ် ၁၅ဝဝ ကျော်ထိ မြင့်တက်
ဩဂုတ်လ ၁၅ ရက် ငွေလဲနှုန်းအရ အမေရိကန် တစ်ဒေါ်လာဟာ မြန်မာကျပ်ငွေ တစ်ထောင့်ငါးရာကျော် ရှိပါတယ်။
စက်သုံးဆီနဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်လိုမျိုး အခြေခံ စားသောက်ကုန် စျေးတွေလည်း လိုက်လံ မြင့်တက် နေပါတယ်။
စျေးကွက်ထဲ ဒေါ်လာတွေ ပြတ်ကုန်တဲ့ အထိ အဝယ်လိုက် နေတယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေက ပြောပါတယ်။
၂ဝ၁၂ ခုနှစ်ကတည်းက သတ်မှတ် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားငွေ ရောင်းဝယ်နှုန်း သတ်မှတ်ချက် ဝ.၈ ရာခိုင်နှုန်းကို ပယ်ဖျက်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၁၄ ရက် နေ့ကပဲ ကြေညာခဲ့အပြီး နောက်တစ်ရက်မှာပဲ ထောင့်ငါးရာကျော်အောင် ဒေါ်လာ စျေး တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အာကာသထဲ လူလွှတ်မယ့် စီမံကိန်း
အိန္ဒိယနိုင်ငံရဲ့ လူလိုက်ပါ မောင်းနှင်တဲ့ ပထမဆုံး အာကာသယာဉ်ကို ၂ဝ၂၂ ခုနှစ်မတိုင်ခင် ဒါမှမဟုတ် ဒီထက် ပိုစောပြီး အာကာသထဲ လွှတ်တင်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ က ပြောပါတယ်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်းထဲမှာ မစ္စတာ မိုဒီက အာကာသ ရည်မှန်းချက်ကို ထည့်သွင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်ပေါ်မှာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး အာကာသယာဉ်မှူး တစ်ဦးက နိုင်ငံတော် အလံကို သယ်သွားမယ်လို့လည်း မစ္စတာ မိုဒီက ဆိုပါတယ်။
ဒီ စီမံကိန်းသာ အကောင်အထည် ပေါ်လာပြီဆိုရင် အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်ပြီးရင် လူလိုက်ပါ မောင်းနှင်တဲ့ အာကာသယာဉ် လွှတ်တင်တဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်လာပါလိမ့်မယ်။












