လုံဘော့ကျွန်းမှာ ငလျင်ထပ်မံ လှုပ်ခတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အင်ဒိုနီးရှား နိုင်ငံ လုံဘော့ခ် ကျွန်းမှာ တနင်္ဂနွေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၉ မဂ္ဂနိကျု့ ရှိပြီး ညလယ်ကြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး ပြဿနာကြောင့် လူတယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။
Lombok ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ် အတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ လူအယောက် လေးရာ ကျော်သွားပြီ ဖြစ်ပါတယ်။

မနေ့က အင်ဒိုနီးရှားမှာ ငလျင်အကြိမ်များစွာလှုပ်ခတ်ခဲ့ပြီး မိနစ် ၄၀ အတွင်းမှာ သုံးကြိမ်လှုပ်သွားတာလည်း ရှိသလို ဆက်တိုက်လှုပ်တဲ့ ငလျင်တွေ အနက်မှာ နှစ်ကြိမ်က တော်တော်ပြင်းထန်ပါတယ်။
Lombok ကျွန်းမြောက်ပိုင်းက ဘီလန်းတီးန် ကျေးရွာမှာတော့ ၆ ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်လှုပ်ချိန်မှာ အိမ်တွေပြိုပြီး လူတယောက် နှလုံး ရောဂါ ဖောက် သေဆုံးခဲ့ပါတယ်။ အဲဒီမှာ အိမ်ပေါင်း ၁၀၀ ကျော်ပြိုကျပျက်စီးခဲ့တယ်လို့ ကပ်ဘေး စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအေဂျင်စီက ဆိုပါတယ်။
အင်ဒိုနီးရှားအခြေစိုက် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကတင်တဲ့ ဗီဒီယို တခုထဲမှာတော့ ငလျင်လှုပ်ခတ်ချိန်မှာ လူတွေဟာ လမ်းပေါ်မှာ ဆောက်တည်ရမရ သွေးရူးသွေးတန်း ပြေးလွှားကြတာကို တွေ့ရပါတယ်။
ပြင်းထန်တဲ့ ငလျင်လှုပ်ခါလိုက်ပြီးနောက် အိမ်တွေ တိုက်တွေ တဝုန်းဝုန်းပြိုကျ ဖုန်မှုန့်တွေ လုံးကနဲတက်လာပြီး တိမ်တွေလို အုံ့ဆိုင်းသွားပြီး နောက် ဖုန်မှုန့်တွေကြားကနေ မီးတောက်မီးလျှံတွေ ထိုးတက်လာတာကို မြင်ရပါတယ်။
ဟိုတယ်ထဲကနေ လူတွေ အကုန်ထွက်ပြေးကုန်ကြပေမယ့် တခြားလူတွေကို တွန်းထိုးဖယ်ရှားတာမျိုးတွေတော့ မလုပ်ကြဘဲ အဲဒီအချိန်မှာ လျှပ်စစ်မီးလည်း ပြတ်တောက်သွားပါတယ်လို့ လွန်းဘော့က် ကျွန်းရဲ့ မြို့တော်ဖြစ်တဲ့ မာထရမ်မြို့ ကဟိုတယ်တခုထဲမှာ ရှိနေတဲ့ အမျိုးသားတယောက်က ပြောပြပါတယ်။
ကယ်ဆယ်ရေးပစ္စည်းတွေကို ကားနဲ့သယ်ယူပြီးဖြန့်ဖြူးပေးတဲ့ လူမှုရေးသမား တယောက်ကတော့ သူကားမောင်းလာတုန်းမှာ လမ်းဘေးက ဓာတ်မီးတိုင်တွေဟာ လှုပ်ခါယိမ်းယိုင်လာပြီး လူတွေလည်း လမ်းပေါ်ပြေးထွက်လာကြတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
အပြင်းဆုံးငလျင်ဟာ ကျွန်းနီးချင်း ဘာလီကျွန်းကိုပါ ရိုက်ခတ်ခဲ့ပါတယ်။
ဘာလီမှာ ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေလည်း ဟိုတယ်ပြိုကျတော့မယ် ထင်ပြီး အပြင်ကို သူ့ထက်ငါ အလုအယက်ထွက်ပြေးကြပါတယ်။
ဘာလီကျွန်းမှာနေတဲ့ သူတယောက် ကလည်း ငလျင်လှုပ်ချိန်မှာ သူ့အိမ်ထဲက ထွက်ပြေးခဲ့ရတယ်လို့ ဆိုပြီး ငလျင်ကြောင့် သူဟာ တုန်လှုပ်ခြောက်ခြားနေသလို အန္တရာယ်ကို စိုးရိမ်လွန်းလို့ အိပ်နေချိန်မှာတောင် သူဟာ သတိမပြတ်ဘဲ နိုးကြားနေတယ်လို့ ပြောပါတယ်။
ငလျင် အကြိမ်ကြိမ်လှုပ်တဲ့အထဲမှာ အပြင်းဆုံးငလျင်က ၆.၉ ပြင်းအား ရှိပြီး သြဂုတ်လ ၅ ရက်နေ့တုန်းက စတင်ကာ ငလျင်ဒဏ် ခံနေခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ဆက်တိုက်နဲ့ မကြာခဏ ငလျင်လှုပ်ခတ်နေလို့ လူတွေဟာ တုန်လှုပ်နေကြပါတယ်။
အခုချိန်အထိ ငလျင်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၄၆၀ ကျော်ရှိသွားပါပြီ။
ပျက်စီးဆုံးရှုံးမှုပမာဏဟာ အင်ဒိုနီးရှား ရူပီးယား ၅ ထရီလျံ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၄၀ ကျော်ဖိုးရှိပါတယ်။












