ဥရောပမှာ ဝက်သက် ဖြစ်ပွားနှုန်း စံချိန်တင် မြင့်

ဝက်သက်

ဓာတ်ပုံ ရင်းမြစ်, SPL

ရေးသားခဲ့သည်။

ဥရောပတဝန်းမှာ ဝက်သက် ဖြစ်ပွားတဲ့နှုန်းဟာ စံချိန်တင် မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ် ပထမ ၆ လအတွင်းမှာ ဝက်သက်ကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ သလို ဝက်သက် ဖြစ်ပွားတဲ့ ဖြစ်ရပ် ၄၁၀ဝ၀ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရင်နှစ်က ဝက်သက်ဖြစ်ပွားတဲ့ ဖြစ်ရပ် ၂ သောင်း ၄ ထောင်နီးပါးရှိတာကြောင့် ဒီနှစ်မှာ ဖြစ်ပွားတဲ့နှုန်းဟာ ၂ ဆ နီးပါး မြင့်လာတာလည်း ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ဆားဘီယား နိုင်ငံက ဝက်သက်ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်ပြီး ပြင်သစ်၊ အီတလီနဲ့ ဂရိနိုင်ငံတွေမှာလည်း ဝက်သက်ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဝက်သက်

ဝက်သက် ရောဂါ ကာကွယ်ဆေး မထိုးကြလို့ ဒီလို ဖြစ်ပွားမှုနှုန်း မြင့်လာတာလို့ ဝက်သက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့်လည်း ဥရောပနိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ WHOက တိုက်တွန်းထားပါတယ်။

WHO ဥရောပရုံးက တာဝန်ရှိသူ ဒေါက်တာ Mark Muscatက ဘာဖြစ်နေသလဲ ဆိုတာနဲ့ ကလေးတွေကို မိဘတွေ ဘာကြောင့် ကာကွယ်ဆေးမထိုးပေးသလဲဆိုတဲ့ အကြောင်းအရင်းကို စောင့်ကြည့်နေသလို ကာကွယ်ဆေးရဲ့ အကျိုး ကျေးဇူးကို သူတို့ နားလည်စေချင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အင်တာနက်ပေါ်မှာ မှားယွင်းတဲ့ သတင်း အချက်အလက်တွေ ပျံ့နေသလို ကာကွယ်ဆေးရဲ့ စိတ်ချယုံကြည်မှုနဲ့ ပတ်သက်ပြီး ကောလဟလတွေကလည်း ထွက်နေပါတယ်လို့ သူက ပြောပါတယ်။

ဗီဒီယို ပုံစာ, အင်ဒိုနီးရှား ပါပူဝါက ဝက်သက်ရောဂါကို ထိန်းနိုင်ပြီ

အင်္ဂလန်မှာလည်း ဒီနှစ်မှာ ဝက်သက် ဖြစ်ပွားတဲ့ ဖြစ်ရပ် ၈၀ဝ ကျော် တွေ့ရှိထားတာ ကြောင့် ကျန်းမာရေး ဌာနက ကလေးတွေ မွေးဖွားပြီး အချိန်တို အတွင်းနဲ့ ကျောင်း မတက်မီမှာ MMR လို့ ခေါ်တဲ့ ဝက်သက်ကာကွယ်ဆေး ထိုးပေးဖို့ တိုက်တွန်းနေ ပါတယ်။

ဝက်သက်ကူးစက်တဲ့သူ အများစုဟာ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးစသူတွေလို့လည်း ဆိုပါတယ်။ ဝက်သက်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်မြန်ရောဂါဖြစ်ပြီး ဝက်သက်ဖြစ်နေတဲ့သူ ချောင်းဆိုး၊ နှာချေရာက ထွက် လာတဲ့ အရည်ကနေ တဆင့် ကူးစက် ပျံ့နှံ့လေ့ ရှိပါတယ်။

ဝက်သက် ဖြစ်ရင် အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်အထိ ကြာတက်ပြီး တချို့က လုံးဝ ပျောက်ကင်းသွားပါတယ်။

ဒါပေမယ့် တချို့ကတော့ ဦးနှောက် ယောင်တာ၊ အဆုတ်ယောင်တာ၊ အသည်းယောင်တာ စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်မာရေး ဆိုးကျိုးတွေ ခံစားရတယ်လို့ ဆိုပါတယ်။

MMR လို့ ခေါ်တဲ့ ဝက်သက်ကာကွယ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Sciene Photo Library M715/504

ဓာတ်ပုံ ပုံစာ, MMR လို့ ခေါ်တဲ့ ဝက်သက်ကာကွယ်ဆေး

ဝက်သက်ကူးစက်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက အအေးမိရင် ဖြစ်လေ့ရှိတဲ့ နှာစေး၊ နှာချေတာတွေ ဖြစ်သလို အစားစာချင် စိတ်မရှိတာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ အဖျားတက်တာ၊ ပင်ပန်းနွယ်နယ်တာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် မျက်စိတွေ နီတာ၊ ပါးစပ်မှာ အညိုရောင် အကွက်တွေ တွေ့ရတာ၊ ကနဦး လက္ခဏာတွေ တွေ့ရပြီး ၂ ရက်နဲ့ ၄ ရက် အတွင်း ဆံစပ်တွေမှာ အနီရောင် အဖုတွေ အကွက်တွေ ထွက်လာပြီး ခေါင်း၊ လည်ကုတ်နဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။

ဝက်သက်ဟာ ကာကွယ်နိုင်ပေမယ့် အခုလို ဥရောပတဝန်းမှာ ဖြစ်ပွားတဲ့နှုန်း မြင့်တက်လာတာက အံသြစရာ ကောင်းတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ တွေက ပြောဆိုနေပါတယ်။