ဓာတုလက်နက်သုံးပြီး အာဆတ် အသာစီး ယူနေ

ဓာတ်ပုံ ရင်းမြစ်, EPA
ဆီးရီးယားနိုင်ငံမှာ ဆိုးရွားလှတဲ့ပြည်တွင်းစစ် ၇ နှစ်ကြာဖြစ်ခဲ့ပြီးနောက် လူပေါင်း သုံးသိန်းခွဲကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။ အခုတော့ သမ္မတ ဘာရှား အယ်လ် အာဆတ်က သူ့ကို ဖြုတ်ချဖို့ ကြိုးစားတဲ့အင်အားစုတွေကို အောင်နိုင်ဖို့ နီးစပ်လာနေပုံ ရပါတယ်။
လူ့အသက်ပေါင်းများစွာ စတေးခံရတဲ့ ရက်စက်တဲ့ စစ်ပွဲကို မစ္စတာ အာဆတ်နိုင်ဖို့ ဘယ်လောက် နီးစပ်လဲ။
ဘီဘီစီ ပန်နိုရားမား အစီအစဉ်နဲ့ ဘီဘီစီ အာရပ် ဘာသာ ဌာနတို့ ပူးပေါင်း စုံစမ်း စစ်ဆေးမှု အရ မစ္စတာ အာဆတ်ရဲ့ စစ်ပွဲအောင်နိုင်ရေး မဟာဗျူဟာ အတွက် ဓာတုလက်နက်တွေကို ဘယ်လောက် အတိုင်းအတာ အထိ သုံးခဲ့တယ် ဆိုတာ ပထမဆုံးအကြိမ် တွေ့မြင်လာရပါတယ်။
Sorry, your browser cannot display this map
၁။ ဓာတုလက်နက် ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့
ဆီးရီးယားနိုင်ငံမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင်ပြီး ဓာတုလက်နက်နဲ့တိုက်ခိုက်မှု ၁၀၆ ကြိမ်ထက် မနည်းရှိခဲ့တယ် ဆိုတာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေကိုကြည့်ပြီး ဘီဘီစီက သုံးသပ် နိုင်ခဲ့ ပါတယ်။
အဲဒီ အချိန်က သမ္မတ အာဆတ်က CWC လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဓာတု လက်နက် ဖျက်သိမ်းရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သူ့နိုင်ငံမှာ သိုလှောင်ထားတဲ့ ဓာတု လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ သဘောတူခဲ့ပါတယ်။
ဒမတ်စကပ် မြို့တော် ဆင်ခြေဖုံးနေရာ အတော်များများမှာ လူတွေ ရာနဲ့ ချီ သေဆုံးခဲ့ရတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ အပြီး တစ်လ အကြာမှာ ဆီးရီးယားက CWC အပြည်ပြည်ဆိုင်ရာ ဓာတု လက်နက် ဖျက်သိမ်းရေး သဘောတူ စာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီအချိန်က လက်နက် ထိမှန်ခဲ့သူတွေ အပြင်းအထန်ဝေဒနာ ခံစားနေကြရတဲ့ ပုံရိပ်တွေက တစ်ကမ္ဘာလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။
အနောက်နိုင်ငံတွေက အဲဒီ တိုက်ခိုက်မှုမျိုးကို နိုင်ငံတော် အစိုးရ အနေနဲ့သာ လုပ်နိုင်တယ်လို့ ပြောပေမယ့် မစ္စတာ အာဆတ် ကတော့ ဒါဟာ အတိုက်အခံတွေရဲ့ လက်ချက်လို့ ပြောပါတယ်။
အဲဒီနောက် အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ ပေမယ့် ဆီးရီးယားရဲ့ အဓိက မဟာမိတ် ရုရှားက ဆီးရီးယားမှာရှိတဲ့ ဓာတု လက်နက်တိုက်ကို ဖယ်ရှား ရှင်းလင်းဖို့ သဘောတူလာအောင် ဖျောင်းဖျ နိုင်ခဲ့ပါတယ်။
ဆီးရီးယား အစိုးရက ကြေညာထားတဲ့ တန်ချိန် ၁၃၀၀ ရှိတဲ့ ဓာတု လက်နက်တွေကို OPCW ဓာတုလက်နက် တားဆီးရေး အဖွဲ့နဲ့ ကုလ သမဂ္ဂ တို့ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြပေမယ့် နိုင်ငံတွင်းမှာ ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုတွေ ကတော့ ဆက်လက် ဖြစ်ပေါ်နေခဲ့ပါတယ်။
မစ္စတာ အာဆတ်ကလည်း သူ့တပ်ဖွဲ့တွေက ဓာတု လက်နက်တွေ မသုံးဘူးလို့ ဆက်လက် ငြင်းဆိုခဲ့ပါတယ်။

ဓာတု လက်နက် ဆိုတာ ဘာလဲ
OPCW အပြည်ပြည်ဆိုင်ရာ ဓာတုလက်နက် တားဆီးရေး အဖွဲ့က ဓာတုလက်နက် ဆိုတာဟာ ပါဝင်တဲ့ အဆိပ်တွေနဲ့ သေစေလိုတဲ့ ရည်ရွယ်ချက် ဒါမှ မဟုတ် ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးတဲ့ ဓာတု ပစ္စည်း ကို ခေါ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
ဓာတု လက်နက်နဲ့ တိုက်ခိုက်ခံရရင် မလိုလားအပ်တဲ့ ထိခိုက် နစ်နာမှုတွေ ဖြစ်စေတဲ့ အတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကလည်း ဘယ်လို စစ်ပွဲမျိုးမှာ မဆို ဓာတု လက်နက်ကို မသုံးဖို့ တားမြစ်ထား ပါတယ်။
ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု စွပ်စွဲချက်တွေကို ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ဆီးရီးယားမှာ ရှိတဲ့ OPCW ရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့ အခု ပြည်ဝင်ခွင့် တားမြစ် ပိတ်ပင် ခံထားရတဲ့ OPCW နဲ့ ကုလသမဂ္ဂ ပူးတွဲ စုံစမ်း စစ်ဆေးရေး အဖွဲ့တို့က စစ်ဆေးခဲ့ကြ ပါတယ်။
၂၀၁၃ စက်တင်ဘာလ နဲ့ ၂၀၁၈ ဧပြီလ ကြားမှာ ဓာတု လက်နက် နဲ့ ပတ်သက်တဲ့ ဒါမှ မဟုတ် ဓာတုလက်နက်နဲ့ ပတ်သက်ဖွယ်ရာ ရှိတဲ့ တိုက်ခိုက်မှု ဖြစ်ရပ် ၃၇ ခု ရှိခဲ့တယ်လို့ အဲဒီ အဖွဲ့က ကောက်ချက်ချပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က ဆီးရီးယား နိုင်ငံ CWC လက်မှတ် ရေးထိုးခဲ့ပြီးနောက် ဖြစ်ခဲ့တယ် ဆိုတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု ၁၆၄ ခုကို ဘီဘီစီ ပန်နိုရားမား အစီအစဉ်နဲ့ ဘီဘီစီ အာရပ် ဘာသာ ဌာနတို့ ပူးပေါင်းပြီး လေ့လာ စုံစမ်း စစ်ဆေးခဲ့ပါတယ်။
တိုက်ခိုက်မှု ဖြစ်ရပ် ၁၆၄ ခုမှာ ၁၀၆ ခုက ဓာတု လက်နက် သုံးခဲ့တယ်ဆိုတာ ယုံကြည်ရတဲ့ အထောက်အထားတွေ အရ ဘီဘီစီက သုံးသပ် လို့ရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေ ထဲက တချို့သာ သတင်းမီဒီယာတွေမှာ ခေါင်းစဉ် သတင်းကြီးတွေ အဖြစ် ဖော်ပြခံခဲ့ရပေမယ့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုတွေ ထပ်ကာတလဲလဲ ဖြစ်ခဲ့တယ်ဆိုတာ အချက်အလက်တွေ အရ ဖော်ပြ နေပါတယ်။

တိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့တယ် ဆိုတဲ့ နေရာက အစ်ဒ်လစ်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ဖြစ်ပါတယ်။
အနီးအနားက ဟာမာနဲ့ အလက်ပို ပြည်နယ်တွေ အပြင် ဒမတ်စကပ် မြို့တော်နားက ဂူတာ အရှေ့ပိုင်းမှာလည်း တိုက်ခိုက်မှု ဖြစ်ရပ် တချို့ ရှိခဲ့တယ် ဆိုတာ ဘီဘီစီက ရရှိတဲ့ အချက်အလက်တွေ အရ သိရပါတယ်။
စစ်ပွဲကာလအတွင်း အဲဒီ ဒေသတွေ အားလုံးဟာ အတိုက်အခံတွေက တချိန်မဟုတ် တချိန် ထိန်းချုပ်ခဲ့ဖူးတဲ့ နေရာတွေ ဖြစ်ကြပါတယ်။

ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုကြောင့် အသေအပျောက် အများဆုံး ရှိခဲ့တယ် ဆိုတဲ့ နေရာဒေသတွေက ဟာမာ ပြည်နယ်အတွင်းက ကာဖာဇေတာနဲ့ အရှေ့ဂူတာ ပြည်နယ်က ဒူးမား မြို့တို့ ဖြစ်ပါတယ်။
အဲဒီ နှစ်မြို့စလုံးမှာ အတိုက်အခံ တိုက်ခိုက်ရေး သမားတွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။

သိရတဲ့ သတင်းတွေ အရ တိုက်ခိုက်မှု တစ်ကြိမ်တည်းနဲ့ အသေအပျောက် အများဆုံးဖြစ်ခဲ့တာက အစ်ဒ်လစ် ပြည်နယ် ခန်ရှိတ်ဟွန်း မြို့မှာ ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုပါ။
အဲဒီနေ့က သေဆုံးသူ ၈၀ ကျော် ရှိခဲ့တယ်လို့ အတိုက်အခံ ဘက်က ကျန်မာရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ဓာတု လက်နက်တွေက သေစေနိုင်တယ် ဆိုပေမဲ့ အရပ်သားတွေ သေဆုံးမှု အများဆုံးနဲ့ ထိခိုက်ဒဏ်ရာ အများဆုံး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ အရပ်သားတွေ နေထိုင်တဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ ဆင့်ကဲ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ပေါက်ကွဲ စေနိုင်တဲ့ လက်နက်တွေ လို သမရိုးကျ လက်နက်တွေကို ဥပဒေမဲ့ နည်းလမ်းနဲ့ အသုံးပြုမှုကြောင့် ဖြစ်ရတယ် ဆိုတာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေး ပါတယ်။
၂. အထောက်အထားတွေအရ တိုက်ခိုက်မှု အတော်များများက ဆီးရီးယား အစိုးရ လက်ချက်လို့ ညွှန်းဆိုနေ
၂၀၁၃ ခုနှစ်က ဆာရင်း အဆိပ် ဓာတ်ငွေနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့အပြီးမှာ အမေရိကန်နဲ့ ရုရှားတို့ ကြားဝင် မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက် အတိုင်း ဆီးရီးယား နိုင်ငံက ကြေညာထားတဲ့ ဓာတုလက်နက်ဆိုင်ရာ ပစ္စည်းတွေ အားလုံးကို ဖယ်ရှားတာ ဒါမှ မဟုတ် ဖျက်ဆီးတာ တွေ လုပ်ဆောင်လို့ ပြီးစီးခဲ့ပြီလို့ OPCW နဲ့ ကုလသမဂ္ဂ ပူးတွဲ စုံစမ်းရေး အဖွဲ့က ၂၀၁၄ ခုနှစ် ဇွန်လ တုန်းက ကြေညာခဲ့ပါတယ်။
ဆီးရီးယားမှာ ရှိတယ်လို့ သိထားသမျှ ဓာတု လက်နက်တွေကို ဖယ်ရှားတာ ဒါမှ မဟုတ် ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ OPCW စစ်ဆေးရေးမှူး တစ်ယောက် ဖြစ်တဲ့ မစ္စတာ တန်ဂီးရီး က ပြောပါတယ်။ ဒါပေမဲ့ အဲဒါတွေက သူတို့ကို အစိုးရက ပေးထားတဲ့ အချက်အလက် တွေသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရှိတယ်လို့ မပြောထားတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့တော့ အတည် မပြုနိုင်ကြောင်းနဲ့ ဓာတုလက်နက် ဆိုင်ရာ သဘောတူညီချက် ဆိုတာကလည်း ယုံကြည်မှုကိုသာ အခြေခံတယ်လို့ သူက ပြောပါတယ်။
OPCW က ဆက်လက်ပြီး ဆီးရီးယားက ကြေညာထားတာနဲ့ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုတဲ့ ဓာတုလက်နက်တွေ ကွဲလွဲမှု၊ ကွာဟမှုတွေနဲ့ ပတ်သက်လို့ အဖြေရှာဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ဆီးရီးယားမှာ ဓာတု လက်နက် မရှိတော့ဘူးလို့ ၂၀၁၄ ခုနှစ်က ကြေညာခဲ့ပြီး နောက်ပိုင်းမှာလည်း ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မျက်မြင်သက်သေရဲ့ ပြောပြချက်
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်က ခန်ရှိတ်ဟွန်းမှာ တိုက်ခိုက်မှုကြောင့် အဗ္ဗဒူလ် ဟာမစ် ယူဆွတ် ဟာ သူ့ဇနီး၊ ၁၁ လသား အရွယ် အမြွှာကလေး နှစ်ယောက်၊ သူ့ညီအစ်ကို နှစ်ယောက်နဲ့ ဝမ်းကွဲတွေ အပြင် အိမ်နီးချင်းတွေ ဆုံးရှုံးခဲ့ရပါတယ်။
သူ့အိမ်ရှေ့မှာပဲ သူ့မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေ ရုတ်တရက် မြေကြီးပေါ် လဲကျသွားခဲ့ကြတဲ့ မြင်ကွင်းကို သူက ပြန်ပြောင်း ပြောပြပါတယ်။

"သူတို့ ဆတ်ဆတ် တုန်နေကြတယ်၊ ပါးစပ်ထဲကနေလည်း အမြှုပ်တွေ ထွက်လို့၊ သိပ်ကို ကြောက်စရာကောင်းပါတယ်။ အဲဒီအချိန်မှာ ဒါဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုပဲလို့ သိလိုက်ရပါတယ်" လို့ ဟာမစ် ယူဆွတ်က ပြောပါတယ်။
သူ မေ့မြော သွားခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဆေးရုံ ခေါ်သွားခဲ့ကြတယ်၊ သတိရလာတော့ ဇနီးနဲ့ သားသမီးတွေဘယ်မှာလဲလို့ သူက မေးခဲ့ ပါတယ်။
"၁၅ မိနစ်အကြာမှာ အားလုံးကို ကျွန်တော့ဆီ ခေါ်လာခဲ့ပါတယ်။ အားလုံး သေဆုံးနေပါပြီ၊ ကျွန်တော့် ဘဝအတွက် တန်ဖိုးအထားရဆုံးသူတွေကို ဆုံးရှုံးသွားခဲ့ရတယ်"

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒီနေ့က တိုက်ခိုက်တဲ့ ဆာရင်း အဆိပ်က လူတွေ အမြောက်အမြား ကိုလည်း ထိတွေ့မိခဲ့တယ်လို့ OPCW နဲ့ ကုလသမဂ္ဂ ပူးတွဲ စုံစမ်းရေး အဖွဲ့က ကောက်ချက်ချပါတယ်။
ဆာရင်း အဆိပ်က ဆိုင်ယာနိုက် အဆိပ်ဓာတ်ထက် အဆ ၂၀ ပိုပြီး သေစေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သိထားကြပါတယ်။
ခန်ရှိတ်ဟွန်းမှာ ဆာရင်း အဆိပ်ဓာတ်နဲ့ တိုက်ခိုက်ခဲ့မှုမှာ လေယာဉ် တစ်စီး ပေါ်ကနေ မြို့ပေါ်ကို ဗုံးကြဲချခဲ့တာ ဆိုတဲ့ စွပ်စွဲမှုတွေ ရှိတဲ့ အတွက် ဆာရင်းဓာတ်တွေ အဲဒီမှာ ထွက်လာခဲ့မှုမှာ ဆီးရီးယား အစိုးရ မှာ တာဝန်ရှိတယ် လို့ ယုံကြည်ကြောင်း OPCW နဲ့ ကုလသမဂ္ဂ ပူးတွဲ စုံစမ်း စစ်ဆေးရေး အဖွဲ့တို့က ပြောပါတယ်။
ခန်ရှိတ်ဟွန်း မြို့ကနေ ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေကြောင့် အဲဒီမြို့ကို လေကြောင်း တိုက်ခိုက်မှု လုပ်ဖို့ လေယာဉ် ထွက်ခွာတဲ့ နေရာလို့ အနောက်နိုင်ငံ တွေက ယူဆတဲ့ ဆီးရီးယား လေတပ် အခြေစိုက် စခန်းကို မစ်ဆိုင်း ဒုံးလက်နက်နဲ့ ပစ်ခတ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမိန့်ပေးခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်မှာ အကြမ်းဖက် သမားတွေရဲ့ လက်နက် သိုလှောင်ရာ နေရာကို ဆီးရီးယား လေတပ်က ဗုံးကြဲ ချခဲ့တာလို့ ရုရှားနိုင်ငံက ပြောခဲ့သလို သမ္မတ အာဆတ်ကတော့ ဒါဟာ မဟုတ်မမှန် ဖန်တီးတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီ တိုက်ခိုက်မှုကို စုံစမ်း ခဲ့တဲ့ OPCW အဖွဲ့က စတီဖန် မော်လ် က ခန်ရှိတ်ဟွန်းမှာ အသုံးပြု တိုက်ခိုက်ခဲ့တဲ့ ဆာရင်း အဆိပ်ကို ဆီးရီးယား အစိုးရ ပိုင်ဆိုင်တယ် ဆိုတာ အထောက်အထား တွေ့ရတယ်လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်က ဆီးရီးယားပိုင် ဓာတု ပစ္စည်းတွေ ရှင်းလင်းဖယ်ရှားခဲ့ချိန်က ဆီးရီးယား ကနေ ယူလာခဲ့တဲ့ ဆာရင်း နမူနာနဲ့ အဲဒီတိုက်ခိုက်မှု သုံးတဲ့ နမူနာက လုံးဝ ထပ်တူဖြစ်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

မျက်မြင်သက်သေ တွေရဲ့ ထွက်ဆို ပြောပြချက်တွေ၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အပါအဝင် သိရသမျှ အထောက်အထားတွေ အရ တိုက်ခိုက်မှု ၁၀၆ ခုမှာ အနည်းဆုံး ၅၁ ခုက လေကြောင်း ကနေ တိုက်ခိုက်တယ်လို့ ညွှန်းဆို နေပါတယ်။
လေကြောင်း တိုက်ခိုက်မှု အားလုံးကို ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေက ပြုလုပ်တာလို့ ဘီဘီစီ အနေနဲ့ ယုံကြည်ပါတယ်။
မစ္စတာ အာဆတ်ကို ထောက်ခံမှုပေးတဲ့ အနေနဲ့ ရုရှား နိုင်ငံက ၂၀၁၅ ခုနှစ် က စတင်ပြီး ထောင်နဲ့ ချီတဲ့ လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဆီးရီးယားမှာ ဓာတုလက်နက် သုံးပြီး တိုက်ခိုက်မှုကို ရုရှားက လုပ်ခဲ့ဖူးတဲ့ လက္ခဏာမျိုး မတွေ့ခဲ့ရဘူးလို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါ့အပြင် သူတို့ စုံစမ်း ခဲ့တဲ့ ဖြစ်ရပ်တွေမှာ အတိုက်အခံ လက်နက်ကိုင် တပ်ဖွဲ့တွေ ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ အထောက်အထား မတွေ့ရဘူးလို့ သူတို့က ပြောပါတယ်။
တိုက်ခိုက်မှု ဖြစ်ရပ် ၁၀၆ ခု ထဲက အသေအပျောက် အများဆုံး ခန်ရှိတ်ဟွန်းမြို့ တိုက်ခိုက်မှုမှာ ဆာရင်းကို သုံးခဲ့ပေမဲ့ အများအားဖြင့် သုံးတဲ့ ဓာတု အဆိပ်က ကလိုရင်း ဖြစ်ပါတယ်။
ကလိုရင်းကို နှစ်မျိုးသုံးနိုင်တဲ့ ဓာတု ပစ္စည်း အဖြစ် သိကြပါတယ်။
ကလိုရင်းကို သာမန် အရပ်ဘက်သုံး အနေနဲ့ တရားဝင် သုံးခွင့် ရှိပေမဲ့ လက်နက်ထုတ်ဖို့ အတွက် သုံးတာကိုတော့ CWC အပြည်ပြည်ဆိုင်ရာ ဓာတုလက်နက် တားဆီးရေး အဖွဲ့က ကန့်သတ် ထားပါတယ်။
ဘီဘီစီက ရရှိတဲ့ အချက် အလက်တွေ အရ တိုက်ခိုက်မှု ၁၀၆ ခုမှာ ၇၉ ခုက ကလိုရင်းသုံး တိုက်ခိုက်တယ်လို့ ယူဆရပါတယ်။
OPCW နဲ့ JIM တို့ကလည်း သူတို့ စုံစမ်း စစ်ဆေးခဲ့တဲ့ ဖြစ်ရပ် ၁၅ ခုမှာ ကလိုရင်းသုံး တိုက်ခိုက်ခဲ့ဖွယ် ရှိတယ်ဆိုတာ သုံးသပ်လို့ ရတယ်လို့ ပြောပါတယ်။

ကလိုရင်းက အငွေ့ပြန်လွယ်ပြီး အလွယ်တကူ လွင့်ပြယ် သွားတဲ့ အတွက် တိုက်ခိုက်မှုမှာ ကလိုရင်းကို သုံး မသုံး အသုံးပြုတာ ရှိမရှိ ဆိုတာကလည်း အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တယ်။
တိုက်ခိုက်မှု ဖြစ်တယ်လို့ သိတာနဲ့ အချိန်တို အတွင်း အဲဒီ နေရာကို မရောက်သွားရင် သိဖို့မလွယ်ဘူးလို့ ဆိုပါတယ်။
၃.ဓာတုလက်နက်ကို ဗျူဟာအရ သုံးပုံရ
တိုက်ခိုက်မှု ၁၀၆ ခုမှာ ဖြစ်တဲ့ နေရာနဲ့ အချိန် တွေကို ဆက်စပ် တွက်ချက်ကြည့်တဲ့ အခါ ဘယ်လို သုံးခဲ့တယ် ဆိုတဲ့ ပုံစံမျိုး ပေါ်လာပါတယ်။
တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်တွေ အတော်များများက အလားတူ နေရာဒေသမှာ တချိန်တည်း ဆင့်ကဲ ပုံစံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဆင့်ကဲ တိုက်ခိုက်မှုက ၂၀၁၈ ခုနှစ်ဆန်းက အရှေ့ဂူတာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု၊ ၂၀၁၆ ခုနှစ်ကုန်က အလက်ပိုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု၊ ၂၀၁၅ ခုနှစ်က အစ်ဒ်လစ်နဲ့ ၂၀၁၄ ခုနှစ်က ဟာမာနဲ့ အစ်ဒ်လစ်မှာ ဖြစ်ခဲ့တဲ့ အစိုးရ ထိုးစစ် ဆင်နွှဲချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
ဆီးရီးယား အစိုးရ အနေနဲ့ ဒေသခံ လူထုကို အဲဒီနေရာမှာ ရှိမနေစေချင်ဘူးဆိုတာ ပြတ်ပြတ်သားသား သတင်းစကား ပေးချင်တဲ့ အခါမျိုးမှာ ဓာတုလက်နက်ကို သုံးတယ်လို့ ဗြိတိန်နိုင်ငံ တတ်သိပညာရှင်များ အဖွဲ့ Chatham House က ဒေါက်တာ ခါတစ် က ပြောပါတယ်။
ဓာတု လက်နက်သုံးတာဟာ အပြင်းထန်ဆုံး အပြစ်ပေးမှု ဖြစ်တဲ့ အပြင် လူတွေရဲ့ စိတ်ထဲမှာ ကြောက်စိတ် လည်း မွေးထားပေးနိုင်တယ်၊ ဓာတု လက်နက် က စျေးပေါပြီး သုံးရ လွယ်တယ်လို့ လည်း သူက ပြောပါတယ်။
နှစ်ပေါင်းအတော်များများ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အလက်ပိုမြို့ဟာ အဲဒီ မဟာဗျူဟာကို သုံးခဲ့တဲ့ နေရာ တစ်ခု ဖြစ်ပုံရပါတယ်။
အစိုးရက အလက်ပိုမြို့ကို ထိန်းချုပ်နိုင်ဖို့ နောက်ဆုံး ထိုးစစ် စတင်ခဲ့ချိန်က အတိုက်အခံ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေဟာ အလက်ပို အရှေ့ပိုင်းက နယ်မြေစုလေးထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။

၂၀၁၆ နှစ်ကုန်ပိုင်း နိုဝင်ဘာကနေ ဒီဇင်ဘာ ကာလဟာ အလက်ပို အရှေ့ပိုင်းကို အစိုးရက ထိုးစစ်ဆင်တဲ့ နောက်ဆုံး သီတင်းပတ်တွေ ဖြစ်ပါတယ်။
အဲဒီ ကာလမှာ ကလိုရင်းနဲ့ တိုက်ခိုက်မှု ၁၁ ကြိမ်ရှိခဲ့တယ်လို့ သတင်းတွေ ရခဲ့ပါတယ်။
၅ ကြိမ်က ထိုးစစ်ကာလ နှစ်ရက် အတွင်း ဖြစ်ခဲ့တာပါ။
အတိုက်အခံ ဘက်က မှုခင်းဆိုင်ရာ သိပ္ပံ ပညာရှင် Abu Jaafar က သေဆုံးသူတွေရဲ့ အလောင်းတွေကို သူ စစ်ဆေးကြည့်ရာမှာ ကလိုရင်း အနံ့တွေရတယ်၊ ကလိုရင်းကြောင့် အသက်ရှုကျပ် သေဆုံးတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။
ကလိုရင်း အသုံးပြုမှုက ဆိုးရွားလှတဲ့ သက်ရောက်မှု ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဆီးရီးယား အစိုးရ ကတော့ သူတို့ ကလိုရင်း ကို လက်နက် အဖြစ် တစ်ကြိမ်မှ မသုံးခဲ့ဘူးလို့ ငြင်းဆိုပါတယ်။
အရပ်သား တစ်သိန်း နှစ်သောင်း ကျော်ဟာ အလက်ပိုမြို့တိုက်ပွဲ နောက်ဆုံး သီတင်းပတ်အတွင်း မြို့ကို စွန့်ခွာခဲ့ကြတယ်လို့ အဲဒီက အဖွဲ့ အစည်းတွေက ပြောပါတယ်။
ဒါဟာ ပြည်တွင်း စစ်မှာ အလှည့် အပြောင်း တစ်ခုလည်း ဖြစ်ပါတယ်။
အလားတူ ဓာတု လက်နက်သုံး တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုး ရှိတာကို ဒမတ်စကပ်နားက အတိုက်အခံတွေရဲ့ နောက်ဆုံး အမာခံ နေရာ အရှေ့ဂူတာက လာတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

အစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက မြေပြင် ထိုးစစ်တွေ မစခင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေခဲ့စဉ် အရှေ့ဂူတာ ဒေသက အကြီးဆုံးမြို့ ဖြစ်တဲ့ ဒူးမား မြို့မှာ လေးလ အတွင်း ဓာတု လက်နက်နဲ့ တိုက်ခိုက်မှု လေးကြိမ် ဖြစ်ခဲ့ပါတယ်။
ဓာတ်ငွေ့ထည့်ထားတဲ့ စက်ရုံသုံး အဝါရောင် ဆလင်ဒါ ကြီး တိုက်တာ အိမ်ခြေတွေပေါ် ကျလာခဲ့တယ် ဆိုတဲ့ ဧပြီလ ၇ ရက်နေ့မှာတော့ ဆေးဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေး သမားတွေ ပြောပြချက် အရ နောက်ဆုံးနဲ့ အသေအပျောက် အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီက စကားပြောခဲ့တဲ့ လူ ၁၈ ယောက် စလုံးက တိုက်ခန်းတွဲကြီးတွေဆီကနေ လူသေ အလောင်းတွေ ဆေးရုံကို သယ်သွားတာ တွေ့ကြရတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှု ဖြစ်ပြီး နှစ်ရက်အကြာမှာ အဲဒီနေရာကို သွားရောက်ခဲ့တဲ့ ရုရှား စစ်တပ်က ကျွမ်းကျင်သူတွေက ကလိုရင်း ဒါမှ မဟုတ် ဓာတု ပစ္စည်း အကြွင်း အကျန်တွေ မတွေ့ရဘူးလို့ ပြောပါတယ်။
တိုက်ခိုက်မှု ဖြစ်အပြီး နှစ်ပတ် နီးပါး အကြာမှာ OPCW ရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့က အဲဒီနေရာကို ရောက်သွားခဲ့ပြီး တိုက်ခန်းတွဲကြီးရဲ့ လေသာဆောင်ပေါ်ကျလာတဲ့ ဓာတ်ငွေ့ ဆလင်ဒါ ထဲက နမူနာကို ယူခဲ့ကြပါတယ်။
ဇူလိုင်လ ရောက်တော့ သူတို့ ယူခဲ့တဲ့ နမူနာထဲမှာ ကလိုရင်းပါတဲ့ ဓာတုပစ္စည်း အမျိုးမျိုးကို တခြား ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း အကြွင်း အကျန်တွေနဲ့ အတူ တွေ့ရတယ်လို့ OPCW ရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့က ထုတ်ပြန် ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
OPCW ရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့က သိရှိရတဲ့ ရလဒ်တွေရဲ့ ထူးခြားချက်တွေကို ခိုင်ခိုင်မာမာ သိရှိနိုင်အောင် လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက် နိုင်ငံတွေ ကတော့ သေဆုံး ခဲ့ကြသူတွေဟာ ကလိုရင်းနဲ့ ထိမိလို့ ဖြစ်တယ်လို့ ယုံကြည် နေကြပါတယ်။
ဒူးမား တိုက်ခိုက်မှု ဖြစ်ခဲ့ အပြီးတစ်ပတ် အကြာမှာ အမေရိကန်၊ ယူကေနဲ့ ပြင်သစ် တို့က ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက် အစီအစဉ်နဲ့ အထူး ပတ်သက်တယ်လို့ ယူဆကြတဲ့ နေရာတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ပါတယ်။
အရှေ့ဂူတာမှာ အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ကင်းရှင်း သွားပြီ လို့ ဆီးရီးယား စစ်တပ်က မကြေညာခင် နာရီပိုင်းမှာ အနောက်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီ အချိန်မှာပဲ လူပေါင်း တစ်သိန်း လေးသောင်းကျော် အိုးအိမ် စွန့်ခွာ ခဲ့ကြပြီး နိုင်ငံ မြောက်ပိုင်း အတိုက်အခံ ထိန်းချုပ်တဲ့ နယ်မြေထဲကို လူပေါင်း ငါးသောင်း အထိ ထွက်ပြေးခဲ့ကြပါတယ်။
ဒူးမားမှာ ခင်ပွန်း၊ သား တို့နဲ့ အတူ နေထိုင်တဲ့ မန်ဝဲလ် ဂျာရာဒါး က သူမြင်ရတဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို ပြောပြပြီး လူတွေ ငိုယို နေကြတာ၊ ပင်ပန်း နွမ်းနယ်နေတဲ့ မျက်နှာတွေကို စိတ်မချမ်းမြေ့ စရာ တွေ့မြင်ရတာ စိတ်ထိခိုက် ရတယ်လို့ ပြောပါတယ်။
ဆီးရီးယား အစိုးရက ဓာတု လက်နက် သုံးတယ်လို့ သူ့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ မေးမြန်းချက်တွေကို မဖြေဆိုပါဘူး။
ဒူးမားမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တယ် ဆိုတဲ့ နေရာကို သွားဖို့ ခွင့်တောင်းတဲ့ ဘီဘီစီ ပန်နိုရားမား အဖွဲ့သားတွေ ကိုလည်း ဒမတ်စကပ်ကို ဝင်ခွင့် ပေးဖို့ ငြင်းဆိုပါတယ်။
နိုင်ငံတကာ အသိုင်း အဝိုင်းက ဆီးရီးယား လူထုကို အကာအကွယ် ပေးဖို့ ပျက်ကွက်ခဲ့သလားလို့ OPCW စစ်ဆေးရေးမှူး Julian Tangaere ကို ဘီဘီစီက မေးတော့ ပျက်ကွက် ခဲ့ကြတယ်လို့ ဖြေပါတယ်။
အာဆတ် အစိုးရ အတွက်ကလည်း သေရေး ရှင်ရေးလို အရေးကြီးနေတဲ့ အတွက် သူ့အဖို့ နောက်ဆုတ်လို့ မရတဲ့ အခြေ အနေဆိုတာ သူနားလည်နိုင်တယ်လို့ ဆိုပါတယ်။
ဒီတော့ သူလုပ်ဆောင်တဲ့ နည်းလမ်း သူ့ရဲ့ ရက်စက်မှုတွေ အတွက် ကင်းလွတ်ခွင့် ရနေမှာလား ဆိုတာနဲ့ ပတ်သက်လို့တော့ ကုလ သမဂ္ဂ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Karen Pierce က မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ စုဆောင်းရရှိထားတဲ့ အထောက် အထားတွေ ရှိတယ်၊ တနေ့မှာ တရားမျှတမှု ရှိစေရမယ်၊ သူ့ကို တရား ဥပဒေ ရှေ့မှောက် အရောက်ပို့နိုင်အောင် အကောင်းဆုံ ကြိုးစားမယ်လို့ သူက ပြောပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက် က BBC One မှာ ထုတ်လွှင့်ခဲ့တဲ့ ပန်နိုရားမား အစီအစဉ်ကနေ ကောက်နုတ်ရေးသားထားတာဖြစ်ပါတယ်။
ဘီဘီစီ သတင်းထောက် Alys Cummings နဲ့ Kate Mead၊ အွန်လိုင်း သတင်းထောက် David Gritten, Lucy Rodgers, Gerry Fletcher, Daniel Dunford and Nassos Stylianou တို့ ပူးတွဲရေးသားပါတယ်။













