သမီးရဲ့နာကျင်မှုကြောင့် ခန္ဓာကိုယ်ပေါ် မင်ကြောင် ထိုးသူ

'ရေချိုးတဲ့ အချိန်တိုင်းမှာ အသားပေါ်မှာ ကွက်လပ်လေး မြင်လိုက်တာ နဲ့ စိတ်ပျက်မိပြီး ဒါကို မင်ကြောင်နဲ့ ကာမှ ဖြစ်မယ်လို့ တွေးမိတာပဲ'
ခရစ္စ ဒယ်ဇဲလ် က မင်ကြောင် တက်တူး ထိုးရတာ ကို စွဲလန်း မိနေပြီ လို့လည်း ဝန်ခံပါတယ်။
အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ တကိုယ်လုံး နေရာ အနှံ့ အရောင် စုံစုံလင်လင် ရှိတဲ့ မင်ကြောင်ရုပ်တွေ၊ စာသားတွေ ပြည့်နေအောင် ထိုးထား ပါတယ်။
မင်ကြောင်ဆိုတာ က လူတိုင်း ခုံမင်တက်တာ မျိုးတော့ မဟုတ်ပါဘူး။ တချို့ တလေ က မင်ကြောင်ရှိသူတွေဟာ လူဆိုး တွေပဲ ဆိုတဲ့ အမြင်မျိုး ရှိတတ် ပါတယ်။
သူ့ သမီးလေးကို မူကြိုကျောင်း သွားပို့တဲ့ အခါမှာလည်း လူတွေက ခင်ဗျား က လူဆိုးလား၊ ပုဆိန် နဲ့ လူတွေကို လိုက်သတ်တတ်တဲ့ လူလား ဆိုတဲ့ အမြင် မျိုး နဲ့ ကြည့်လေ့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
'ခင်ဗျား က ရာဇဝတ်သား နဲ့ တူကြောင်း လူတွေက ပြောလေ့ ရှိကြတယ်' လို့ လည်း သူက ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်း ခန်းမှာ ပြောပါတယ်။

ဒါပေမယ့် သူ့ အနေနဲ့ မူခင်း တခု ကို ကျူးလွန် မယ် ဆိုရင်တောင်မှ သူ့ ခန္ဓာကိုယ် ပေါ်က ထင်ရှား တဲ့ မင်ကြောင် တွေကြောင့် ရဲ က ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားဖို့ သိပ်ခက် မှာ မဟုတ်ပါဘူး။
သူက ခန္ဓာကိုယ်ပေါ် က တက်တူး မင်ကြောင် တွေကို စွဲလန်း နေသူ တယောက် ဖြစ်ပြီး အခုနှစ်ပိုင်း တွေ မှာ ဒီ မင်ကြောင် တွေကို ဘာကြောင့် ကြိုက် ရသလဲ ဆိုတဲ့ သူ့ရဲ့ သဘောထား လည်း ပြောင်းလဲ လာပါတယ်။
သမီး ဖြစ်သူ ဂျက်စီကာ က သာမန် ကလေး တွေထက် ၃၄ ပတ် စောပြီး မွေးဖွား လာခဲ့သူပါ။ မိခင် ဝမ်းဗိုက် ထဲမှာ ကတည်း က ကြီးထွားမှု နှုန်း ပုံမှန် မရှိခဲ့တဲ့ သူဟာ ကျန်းမာရေး ဆိုင်ရာ ပြဿနာ များစွာ ကိုလည်း ရင် ဆိုင် နေရသူပါ။
'ဂျက်စီကာ က မွေးကတည်း က နာကျင် နေခဲ့တာ။ အဲဒါကို ဘယ်လို လုပ်ပေး ရမလဲ ကျနော် မသိဘူး။ သူ့ ရဲ့ နာကျင်မှုတွေ ပြေလျော့ စေဖို့ ဘယ်လို လုပ် ရမလဲ'
ဒါကြောင့် နောက်ထပ် နောက်ထပ် မင်ကြောင် တွေ ထပ်ထိုးဖို့ သူက ဆုံးဖြတ် လိုက်ပါတယ်။ သူ့သမီး ရဲ့ နာကျင်မှုတွေက မင်ကြောင် ထိုးဖို့ လှုံ့ဆော် စေတယ်လို့ ပြောပါတယ်။

ဒါကို လူတွေ အနေနဲ့ မင်ကြောင် တွေ ရှိနေတဲ့ သူ့ကို ပိုမို လက်ခံ လာကြဖို့ မျှော်လင့် တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ဒါက တကယ်တန်း ဖြစ်ဖို့တော့ မလွယ်ပါဘူး။
သူဟာ အတွေ့အကြုံရှိတဲ့ စားဖိုမှူး တယောက် ဖြစ်ပေမယ့် သူ့ကို အလုပ်ခန့် ချင်တဲ့လူက အင်မတန်မှ နည်းပါးပါတယ်။ အလုပ်လျှောက်လွှာမှာ သူ့မှာ မင်ကြောင် ရှိကြောင်း ရေးသား ထားပေမယ့် တကယ်တမ်း လူကိုယ်တိုင် သွား ရောက် တွေ့ဆုံတဲ့ အခါမှာ အလုပ်ရှင်တွေက မခန့်ချင်ကြပါဘူး။
သူက မင်ကြောင် ထိုးဖို့ ဘယ်တုန်း ကမှ ဝန်မလေး ခဲ့သူ၊ ပြီးတော့ မင်ကြောင် ရှိတာနဲ့ ဒီလို ပြဿနာတွေ ရင်ဆိုင် ရလိမ့်မယ်လို့လည်း တွေးတော ခဲ့သူလည်း မဟုတ်ပါဘူး။

သူ့ရဲ့ လက်ရှိ ရည်းစား နဲ့ စတွေ့စဉ်တုန်း က မျက်နှာမှာ မင်ကြောင် မရှိခဲ့ပေမယ့် အခု အခါမှာတော့ မျက်နှာတပြင်လုံး မင်ကြောင် အပြည့်နဲ့ သူ့ကို လက်သင့် ခံလာပြီလို့ ဆိုပါတယ်။
မင်ကြောင် အပြည့်နဲ့ သူ့ကို လူတွေက အမြင်ဆိုး နဲ့ ကြည့်ရှုလေ့ ရှိပေမယ့် သူ့ရဲ့ မင်ကြောင် ထိုးတာကိုတော့ လျှော့ချဖို့ မရှိဘူးလို့ သူက ပြောပါတယ်။
ဒါပေမယ့် သူ့ရဲ့ ကလေး က ဒီ မင်ကြောင် တွေကို မကြိုက်ဘူး လို့ ဆိုလာတဲ့ တနေ့မှာတော့ လေဆာ ကုထုံးနဲ့ ဖျောက်ပစ်မယ်လို့တော့ သူက ဝန်ခံ ထားပါတယ်။













