အာဖရိကကနေ ကိုလိုနီခေတ်မှာ ဘာတွေလုသွားသလဲ
- ရေးသားသူ, အက်ရှလေလိုင်း
- ရာထူးတာဝန်, ဘီဘီစီ အာဖရိက၊ နိုင်ရိုဘီ
- ရေးသားခဲ့သည်။
အာဖရိက တိုက်ကို ကျွန်ပြုအုပ်ချုပ်တုန်းက ထောင်နဲ့ချီတဲ့ အနုပညာပစ္စည်းတွေ ခိုးယူလုယက်ခံခဲ့ရပါတယ်။ ဥရောပ တလွှားက ပြတိုက်ကြီးတွေမှာ ရောက်နေတဲ့ ဒီပစ္စည်းတွေ ပြန်ရဖို့ အာဖရိက အစိုးရတွေက လိုလား နေကြပြီး နာမည်ကြီးတဲ့ ဘီနင် ကြေးရုပ်တွေကို နိုင်ဂျီးရီးယားကို ပြန်ငှားပေးမယ်လို့ ပြတိုက်တွေဘက်က သဘောတူခဲ့ပါတယ်။ အာဖရိက အနုပညာတွေ ပြန်ပေးရေး အတွက် တောင်းဆိုတဲ့ အစီရင်ခံစာတစောင်ကိုလည်း ပြင်သစ်နိုင်ငံမှာ ထုတ်ဝေဖို့ ရှိပါတယ်။

ဘီနင်ကြေးညိုရုပ်များ

ဓာတ်ပုံ ရင်းမြစ်, British Museum
ကြေးဝါနဲ့ လုပ်ထားတဲ့ ဘီနင် ကြေးညိုရုပ်တွေဟာ ဘီနင် နိုင်ငံ အိုဘာ နန်းတော်မှာ အနုစိတ် ထုလုပ်ထားတဲ့ ပန်းပုလက်ရာတွေ ဖြစ်ပါတယ်။ နောက် ဒီနိုင်ငံကို ဗြိတိသျှ အုပ်ချုပ်တဲ့ နိုင်ဂျီးရီးယားထဲ ပူးပေါင်းလိုက်ပါတယ်။
ဆင်စွယ်၊ ကြေးဝါ၊ ကြွေနဲ့ သစ်သားတွေကို ရောစပ်ထုလုပ်ထားတာပါ။
ဒီအရုပ်တွေကို နတ်ရွာစံ ဘုရင်နဲ့ မယ်တော် မိဘုရားကြီးတွေ အတွက် ရည်စူး ပူဇော်ရာ အဖြစ် ထုလုပ်ခဲ့ကြပါတယ်။
၁၈၉၇ မှာ ဗြိတိသျှ သံအဖွဲ့ကို တိုက်ခိုက်လို့ ဆိုပြီး ဘီနင်ကို ဗြိတိန်က ဝင်သိမ်းခဲ့ပါတယ်။
အဲဒီနောက် ဒီကြေးရုပ်တွေအပြင် မရေတွက်နိုင်တဲ့ နန်းတွင်း ပစ္စည်းတွေကိုလည်း ယူဆောင်သွားလို့ ကမ္ဘာအနှံ့ ရောက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီနင်က ရတဲ့ ပစ္စည်းအများအပြားကို ၁၈၉၈ ခုနှစ်က နိုင်ငံခြားရေးရုံးနဲ့ ရေတပ်ရုံးကနေ ရရှိခဲ့တယ်လို့ လန်ဒန်က ဗြိတိသျှ ပြတိုက်က ပြောပါတယ်။
၂ဝ၂၁ မှာ ဖွင့်လှစ်မယ့် နိုင်ဂျီးရီးယားက တော်ဝင်ပြတိုက်သစ် အတွက် အရေးကြီးတဲ့ ပစ္စည်းတချို့ကို ပြန်ငှားမယ်ဆိုပြီး ဥရောပ ထိပ်တန်း ပြတိုက်တွေက အောက်တိုဘာလက သဘောတူခဲ့ပါတယ်။

ဆာဗိုက လူသားစား

ဓာတ်ပုံ ရင်းမြစ်, Field Museum of Natural History
၁၉ ရာစုနှောင်းတုန်းက အရှေ့အာဖရိက ကင်ညာမှာ မီးရထားလမ်း အလုပ်သမားတွေကို သတ်ဖြတ်စားသောက်ခဲ့တဲ့ ခြင်္သေ့နှစ်ကောင် ရှိပါတယ်။
၁၈၉၈ တုန်းက မွမ်ဘာဆာကနေ ဝိတိုရိယအိုင်ကြီးအထိ ကိုးလကျော် မီးရထားလမ်း ဖောက်လုပ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Field Museum of Natural History
ဒီသားရဲနှစ်ကောင်ကို ဗြိတိသျှ အင်ဂျင်နီယာ ဒုဗိုလ်မှူးကြီး ပတ်တာဆန်က ပစ်သတ်ခဲ့ပါတယ်။
ဒီအသေကောင်တွေကို အစာသွတ်ပြီး ပတ်တာဆန်က ချီကာဂိုက သဘာဝသမိုင်းပြတိုက်ကို ၁၉၂၅ က ရောင်းခဲ့ပါတယ်။
ဒီခြင်္သေ့တွေကြောင့် ရထားအလုပ်သမားနဲ့ အာဖရိက လူမည်း ၁၃၅ ယောက် အသက်ဆုံးခဲ့တယ်လို့ ပတ်တာဆန်က ဆိုပေမယ့် အမှန်က ၃၅ ယောက်ပဲ သေတာလို့ ပြတိုက်က လေ့လာ တွေ့ရှိခဲ့ပါတယ်။
ဒီခြင်္သေ့တွေကို ကင်ညာ အမျိုးသားပြတိုက်က ပြန်ရချင်ပါတယ်။

ရိုဆက်တာ ကျောက်စာ

ဓာတ်ပုံ ရင်းမြစ်, AFP
သုံးပေခွဲ အမြင့်ရှိတဲ့ ရိုဆက်တာ ကျောက်စာကို ဗြိတိသျှပြတိုက်မှာ ထားရှိပြီး အီဂျစ်နိုင်ငံက ယူဆောင်လာတာပါ။
အီဂျစ်က အရုပ်စာတွေကို ပညာရှင်တွေ ဖတ်နိုင်အောင် ဒီကျောက်စာက ကူညီခဲ့ပါတယ်။
ဒီမှာ ဂရိ၊ အရုပ်စာနဲ့ ရှေးဟောင်း အီဂျစ်ဘာသာစကားတမျိုးနဲ့ သုံးပိုင်းရေးထွင်းထားပြီး ဘီစီ ၁၉၆ ခုနှစ်က ပဉ္စမ တော်လမီဘုရင်လက်ထက်မှာ ဘုန်းတော်ကြီးတွေရဲ့ အမိန့်ကို ရေးထွင်းခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုလုပ်ပြီး ဒီကျောက်စာကို ၁၇၉၉ ခုနှစ်မှာ ရှာတွေ့ခဲ့တယ် ဆိုတာ မသိပါဘူး။ ပြင်သစ် စစ်ဘုရင် နပိုလီယံ ဘိုနာပတ်ရဲ့ စစ်သားတွေ နိုင်းမြစ်ဝှမ်းမှာ ခံကတုတ်တူးရင်း တွေ့တာလို့ ယူဆကြပါတယ်။
နပိုလီယံ စစ်ရှုံးပြီးနောက် အလက်ဇန္ဒရီးယား စာချုပ်နဲ့ ၁၈ဝ၁ ခုမှာ ဒီကျောက်စာကို ဗြိတိန်က သိမ်းယူခဲ့ပါတယ်။
နောက် အင်္ဂလန်ကို သယ်လာပြီး ၁၈ဝ၂ မှာ ပို့စမောက် ဆိပ်ကမ်းကို ရောက်ပါတယ်။ လပိုင်းအတွင်းမှာပဲ ဗြိတိသျှ ပြတိုက်ကို တတိယ ဂျော့ဘုရင်က ပေးအပ်ခဲ့ပါတယ်။

ဘန်ဂွာဘုရင်မ

ဓာတ်ပုံ ရင်းမြစ်, Dapper Foundation
သုံးပေလောက် မြင့်တဲ့ ဘန်ဂွာ ဘုရင်မ ရုပ်ကို သစ်သားနဲ့ ထုထားပြီး ကင်မရွန်းနိုင်ငံက လာတာ ဖြစ်ပါတယ်။
အာဏာနဲ့ ကျန်းမာမှုကို ပြသတဲ့ ဒီရုပ်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အာဖရိက အနုပညာ ပစ္စည်းတခု ဖြစ်ပြီး ကင်မရွန်း နိုင်ငံအတွက် အမြတ်တနိုးထားရတဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။
ဘန်ဂွာဒေသဟာ ကင်မရွန်းအနောက်တောင်ပိုင်းမှာ ရှိပြီး မိဘုရား၊ မင်းသမီး တွေပုံ ထုထားတဲ့ ရုပ်တုတွေကို ဘန်ဂွာ ဘုရင်မတွေလို့ ခေါ်ကြပါတယ်။
ဒီရုပ်တုကို ကင်မရွန်းကို မသိမ်းပိုက်ခင် ၁၈၉၉ လောက်မှာ ဂျာမန် ကိုလိုနီ အရာရှိ တယောက်က လုယူလာတာ၊ ဒါမှမဟုတ် လက်ဆောင်ယူလာတာ ဖြစ်ပါတယ်။
ဘာလင်က ပြတိုက်တခုကို ရောက်သွားပြီးနောက် ၁၉၂၆ မှာ အနုပညာ ပစ္စည်းစုသူတယောက်က ဝယ်သွားခဲ့ပါတယ်။
၁၉၆၆ မှာ အမေရိကန်က ပစ္စည်းစုသူတယောက်က ဒီအရုပ်ကို ဒေါ်လာ သုံးသောင်းလောက်ပေးဝယ်သွားခဲ့ပြီး သူသေတဲ့အခါမှာ ဆောက်သဘီ လေလံပွဲမှာ ဒေါ်လာ သုံဒသန်းခွဲလောက်နဲ့ လေလံတင် ရောင်းခဲ့ပါတယ်။
သရုပ်လွန် ဓာတ်ပုံဆရာ တယောက်က ဒီအရုပ်ကို ကိုယ်လုံးချွတ် သရုပ်ပြမယ်နဲ့ တွဲပြီး ၁၉၃၇ က ဓာတ်ပုံရိုက်ရာမှာလည်း ထင်ရှားခဲ့ဖူးပါတယ်။
ပြင်သစ်က ဒပ်ပါ ဖောင်ဒေးရှင်းက ဒီရုပ်တုကို အခု ပိုင်ဆိုင်ထားပြီး ၂ဝ၁၇ ထိ ပြသခဲ့ပါတယ်။
အခုတော့ ဘန်ဂွာ ရိုးရာ ခေါင်းဆောင်တွေက ဒီအရုပ်ကို ကင်မရွန်းကို ပြန်ပို့ဖို့ ဖောင်ဒေးရှင်းနဲ့ ညှိနှိုင်းနေပါတယ်။
အာဖရိက အနုပညာ ပစ္စည်းတွေ ပြန်ပေးနိုင်အောင် ပြင်သစ် ဥပဒေကို ပြင်ဆင်ဖို့ အာဖရိက နွယ်ဖွား စာရေးဆရာတွေ၊ စီးပွားရေး ပညာရှင်တွေနဲ့ ပြင်သစ် သမိုင်းဆရာတွေ ပါတဲ့ အစီရင်ခံစာရေးအဖွဲ့က အကြံပြုခဲ့ပါတယ်။

မဒါလာ ရတနာများ

ဓာတ်ပုံ ရင်းမြစ်, V&A Museum

အဘစ်ဆီးနီးယားလို့ အရင်က ခေါ်တဲ့ အီသီယိုးပီးယားကနေ ၁၈၆၈ ခုနှစ်က ဗြိတိသျှတပ်တွေ ယူလာခဲ့တဲ့ ရတနာ ပစ္စည်းတွေဖြစ်ပြီး ၁၈ ရာစုက ရွှေသရဖူတခုနဲ့ နန်းတွင်း လက်ထပ်ဝတ်စုံ လည်း ပါပါတယ်။
ဒုတိယ တီဝိုဒရို ဘုရင်ကြီးရဲ့ မြောက်ပိုင်း မြို့တော် မဒါလာကနေ ဆင် ၁၅ ကောင်၊ မြည်းအကောင် ၂ဝဝ နဲ့ တိုက်ရာပါ ပစ္စည်းတွေကို သယ်လာခဲ့တယ်လို့ သမိုင်းဆရာတွေက ဆိုပါတယ်။
ဗြိတိသျှ ကောင်စစ်ဝန်ကို ဖမ်းလို့ ဆိုပြီး မဒါလာကို ဗြိတိန်က သိမ်းယူခဲ့တာပါ။
ဒီက ယူလာတဲ့ ရတနာ တချို့ကို လန်ဒန်က ဝိတိုရိယနဲ့ အဲလဘတ် ပြတိုက်မှာ ထားရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, V&A Museum
ဘာသာရေး သူတော်စင်တွေရဲ့ ပုံတွေ ထွင်းထုထားပြီး ငွေနဲ့ ကြေးရောစပ်လုပ်ထားတဲ့ သရဖူနဲ့ နန်းတွင်းက မင်္ဂလာဝတ်စုံတို့က အီသီယိုးပီးယား ခရစ်ယာန်တွေအတွက် အရေးကြီးတဲ့ ပစ္စည်းတွေပါ။
ဒီသရဖူကို ၁၇၄ဝ ကျော်က ဘုရားကျောင်းတခုအတွက် ရွှေခွက်တခွက်နဲ့အတူ ဘုရင်မ တပါးက လက်ဆောင်ပေးခဲ့တယ်လို့ ယူဆကြပါတယ်။
ဝတ်စုံနဲ့ လက်ဝတ်ရတနာတွေကတော့ တီဝိုဒရို ဘုရင်ရဲ့ မုဆိုးမ ရဲ့ ဝတ်စုံပါ။
ဒီပစ္စည်းတွေ ပြန်ပေးဖို့ အီသီယိုးပီးယားက ၂ဝဝ၇ က ပြန်တောင်းခဲ့ပါတယ်။ ဒီနှစ် ဧပြီလမှာတော့ လန်ဒန်ပြတိုက်ကနေ အီသီယိုးပီးယားကို ပြန်ငှားဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဇင်ဘာဘွေငှက်

ဓာတ်ပုံ ရင်းမြစ်, WikiCommons
ဆပ်ပြာကျောက်တုံးနဲ့ လုပ်ထားတဲ့ လင်းယုန်ငှက်ရုပ်က ဇင်ဘာဘွေရဲ့ နိုင်ငံတော် တံဆိပ် ဖြစ်ပါတယ်။ ဒီလို ဇင်ဘာဘွေ ငှက်ရုပ် ၈ ရုပ်ကို မြို့ဟောင်းတခုကနေ လုယက်ခံခဲ့ရပါတယ်။
ဒီအရုပ်တွေကို ၁၂ ကနေ ၁၅ ရာစုအတွင်း ရှိုနာ လူမျိုးတွေရဲ့ မြို့ဟောင်း နံရံတွေပေါ်မှာ ထွင်းထုခဲ့တာပါ။
ဒီထဲက ခုနစ်ရုပ်ဟာ ၂ဝဝ၃ ကတည်းက ဇင်ဘာဘွေမှာ ပြန်ရောက်နေခဲ့ပါတယ်။ နောက်တရုပ်ရဲ့ အောက်ခြေပိုင်းကိုလည်း ဂျာမနီက ပြန်ပေးခဲ့ပါတယ်။
ဘာလင်က လူမျိုးစုပြတိုက်ကို ၁၉ဝ၇ ကတည်းက သာသာနာပြုတယောက်က ဒီအရုပ်တွေ ရောင်းပစ်ခဲ့တာ ဖြစ်ပါတယ်။
ဆိုဗီယက်တပ်တွေ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီ ဝင်သိမ်းပြီးနောက် ဒီအရုပ်တွေကို ဘာလင်ကနေ လီနင်ဂရက် ယူသွားပြီး စစ်အေးခေတ်ကုန်မှ ဂျာမနီကို ပြန်ပေးခဲ့ပါတယ်။
ကိပ်တောင်းမြို့က ၁၉ ရာစု ဗြိတိသျှ နယ်ချဲ့ စီစီ ရုဒ်ရဲ့ အိပ်ခန်းမှာ တော့ အဋ္ဌမရုပ်တု ကျန်ရှိပါတယ်။ ဒီအိမ်က နောက်တော့ ပြတိုက် ဖြစ်သွားခဲ့ပါတယ်။
ငှက်ရုပ်တွေကို သူက ဇင်ဘာဘွေကနေ တောင်အာဖရိကကို ၁၉ဝ၆ ခုနှစ်က ယူဆောင်သွားခဲ့ပါတယ်။
ဇင်ဘာဘွေ လွတ်လပ်ရေး ရပြီးနောက် တောင်အာဖရိက အစိုးရက ၁၉၈၁ မှာ လေးရုပ်ကို ပြန်ပေးခဲ့ပါတယ်။












