အလက်စကာမှာ ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်မှာ ပြင်းအား ရစ်ချက်တာစကေး ၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက လှုပ်ခတ်ခဲ့ပါတယ်။
မြေငလျင်ဟာ အလက်စကာပြည်နယ်မြောက်ပိုင်း Anchorage မြို့နဲ့ ၇ မိုင်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကို လူ ၃ သိန်းကျော် ခံစားခဲ့ရပြီး၊ ငလျင်ကြီးလှုပ်ခတ်အပြီး မိနစ်ပိုင်းမှာပဲ အင်အား ၃ အဆင့် ကနေ ၅.၇ အဆင့် ရှိတဲ့ နောက်ဆက်တွဲ ငလျင်တွေ ၁၀ ကြိမ် ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ငလျင်ဒဏ်ကို အထပ်မြင့်အဆောက်အအုံတွေကပါ ခံစားခဲ့ရပြီး၊ လူတွေဟာ လမ်းပေါ်ကို ပြေးထွက်ရှောင် ကြတယ်လို့လည်း ဆိုပါတယ်။
ပြည်နယ်အစိုးရကလည်း သဘာဝဘေးဒဏ် အရေးပေါ် အခြေအနေ ဖြစ်နေတယ်လို့ ကြေညာခဲ့ပါတယ်။
ငလျင်ကြောင့် အဆောက်အအုံ ကြီးကြီးမားမား ပြိုကျပျက်စီးတာ မရှိပေမယ့်၊ ဆက်သွယ်သွားလာရေး လမ်းတချို့နဲ့ တံတားတွေ ပျက်စီးခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှုးက ပြောပါတယ်။
ဒါ့အပြင် လူ ၁ သောင်းနီးပါးဟာ ဓာတ်အားလိုင်းနဲ့ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး၊ လမ်းတွေပေါ်မှာ ပိတ်မိနေသူတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထွက်ပေါ်လာပေမယ့် နောက်ပိုင်းမှာ ဖျက်သိမ်းသွားတယ်လို့ ဆိုပါတယ်။
လူမှုဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ သတင်းဗွီဒီယိုဖိုင်တွေအရ ဈေးဝယ်စင်တာအမိုးတချို့ ပြိုကျပျက်စီးတာတွေ လမ်းပိုင်းပျက်စီးမှု များတယ်လို့ ပြောကြပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ သတင်းတွေတော့ အခုချိန်ထိ ထွက်ပေါ်လာတာ မရှိပါဘူး။
မြို့ခံတဦးက ဘီဘီစီကို ဆက်သွယ်ပြောမှုအရ သူတို့တွေ လျှပ်စစ်မီး၊ ဓာတ်အားလိုင်းနဲ့ ရေတွေ အခုချိန်ထိ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။













